ဝေါရဲစခန်းရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် စစ်ကောင်စီတပ်များမှ ခရီးသည်ယာဉ်များကို စစ်ဆေးရေးတင်းကြပ်နေ

ပဲခူးတိုင်း ဝေါမြို့နယ်ရဲစခန်းရှေ့ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယနေ့(ဒီဇင်ဘာ ၁၁ ရက်) နံနက်အစောပိုင်းချိန်မှစပြီး စစ်ကောင်စီတပ်အင်အားအများအပြားဖြင့် ခရီးသည်ယာဉ်များကို စစ်ဆေးရေးတင်းကြပ်လျက်ရှိနေကြောင်း သိရသည်။

11 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၁

ပဲခူးတိုင်း ဝေါမြို့နယ်ရဲစခန်းရှေ့ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယနေ့(ဒီဇင်ဘာ ၁၁ ရက်) နံနက်အစောပိုင်းချိန်မှစပြီး စစ်ကောင်စီတပ်အင်အားအများအပြားဖြင့် ခရီးသည်ယာဉ်များကို စစ်ဆေးရေးတင်းကြပ်လျက်ရှိနေကြောင်း သိရသည်။

ဝေါမြို့နယ်ရဲစခန်းရှေ့သို့ဖြတ်သန်းနေသည့် ခရီးသွားမော်တော်ယာဉ်များနှင့် ခရီးသွားလာသူများကိုပါ ရှာဖွေစစ်ဆေးရေးတင်းကျပ်နေသောကြောင့် ခရီးသွားလာရာမှာ ခက်ခဲမှုဖြစ်ပေါ်နေရကြောင်း ရန်ကုန်-ကျိုက်ထို-ကျိုက်ထီးရိုးမော်တော်ယာဉ်လိုင်းမှယာဉ်မောင်းတစ်ဦးက DMG ကိုပြောသည်။

"စစ်ဆေးနေတာက မနက်အစောကြီးကတည်းကပေါ့။ မရပ်တဲ့ကားတွေဆိုရင် သေနတ်တွေဖောက်ပြီး အတင်းရပ်ခိုင်းတာ။ ရပ်ထားတဲ့ကားတွေကျတော့လဲ ပါလာသမျှခရီးသည်တွေ အကုန်ဆင်းပေးရတယ်။ ပြီးတော့မှ ကားကိုကော ခရီးသည်တွေကိုပါ စစ်ဆေးတာ။ ဖုန်းတွေကိုလည်းစစ်ဆေးတာတွေပါရှိတယ်။ အဖမ်းအဆီးခံရတဲ့သူတွေကတော့ မသိရသေးဘူး"ဟု အဆိုပါယာဉ်မောင်းကပြောသည်။

ဝေါမြို့နယ်တွင် ယခင်ရက်ပိုင်းများက ပုံမှန်စစ်ဆေးမှုများရှိနေသော်လည်း ယနေ့နံနက်ပိုင်းမှစတင်ကာ စစ်ဆေးရေးတင်းကျပ်နေပြီး မည်သည့်အကြောင်းကြောင့် ယခုလိုဆောင်ရွက်နေသည်ကို မသိရှိရကြောင်း ဝေါမြို့နယ်ဒေသခံတစ်ဦးမှဆိုသည်။

"အရင်တုန်းကလည်း ပုံမှန်စစ်နေတာပဲ။ အခုက ဘယ်လိုအကြောင်းနဲ့ကို စစ်နေတာလဲကို မသိရသေးတာ။ ကျွန်မကိုလည်း ဆိုင်ကယ်ဘောက်တွေ စစ်တာတွေပြုလုပ်ခဲ့သေးတယ်"ဟု အဆိုပါဒေသခံမှပြောသည်။

ဝေါမြို့နယ်တွင် ဇူလိုင်လအတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ ဆင်းလာကြောင်း သတင်းရရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်အင်အားအများအပြားမှ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကာ ခရီးသည်လူငယ် ၂၀ ကျော်ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က ဝေါမြို့နယ်၊ ချမ်းမြသာစည်ရပ်ကွက်မှ ကိုစိုင်းမွန်ဇော်မှာ စစ်ကြောရေးမှပြန်လွတ်လာပြီးနောက် သေဆုံးသွားခဲ့သည်။

၎င်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း စာရွက်စာတမ်းဝေငှခဲ့သည့်အတွက် ဧပြီလအတွင်းက ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများကိုကုသမှုခံယူနေစဉ် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ပဲခူးမြို့ရှိ စွယ်တော်အထူးကုဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။