ကျောက်တော် ကမ္ဘာ့ရတနာဘဏ် မန်နေဂျာကို AA က ဖမ်းဆီးထား

ရခိုင်ပြည် ကျောက်တော်မြို့ကမ္ဘာ့ရတနာဘဏ်(ခွဲ)မှ ဘဏ်မန်နေဂျာကို ရက္ခိုင့်တပ်တော် (AA) က ဇူလိုင်လ ၉ ရက်နေ့က  ဖမ်းဆီးလိုက်ကြောင်း AA  ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခ က DMG သို့ အတည်ပြု ပြောဆိုသည်။

11 Jul 2022

ကျောက်တော်မြို့တွင်း တစ်နေရာ။ (ဓာတ်ပုံ - DMG)

DMG ၊ ဇူလိုင် ၁၁

ရခိုင်ပြည် ကျောက်တော်မြို့ကမ္ဘာ့ရတနာဘဏ်(ခွဲ)မှ ဘဏ်မန်နေဂျာကို ရက္ခိုင့်တပ်တော် (AA) က ဇူလိုင်လ ၉ ရက်နေ့က  ဖမ်းဆီးလိုက်ကြောင်း AA  ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခ က DMG သို့ အတည်ပြု ပြောဆိုသည်။

 “အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ကို ကျွန်တော်တို့အနေနဲ့ ထုတ်မပြောချင်သေးဘူး။ ဖမ်းဆီးတာ ကတော့ ဟုတ်ပါတယ် ” ဟု ဦးခိုင်သုခက ပြောသည်။

သိုသော်လည်း ၎င်းအား မည်သို့အကြောင်းအရာများနှင့် ပတ်သက်ဆက်နွှယ်ပြီး ဖမ်းဆီးရသည်ဆိုသည်ကိုတော့ အသေးစိတ်ဖော်မပြောသေး ကြောင်းလည်း ဦးခိုင်သုခက ဆိုသည်။

ဖမ်းဆီးခံရသူမှာ ဦးဝင်းနိုင် (၅၃) နှစ်ဖြစ်ပြီး မိမိဇာတိဖြစ်သည့် ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာသို့ ဇူလိုင်လ ၉ ရက်နေ့က ၎င်း၏ ဆွေမျိုးသား သားသမီးတဦး ဆယ်တန်းအောင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲသို့ သွားရောက်စဉ် အလယ်ကျွန်း ကျေးရွာရှိနေအိမ်မှ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။

“လက်ရှိအချိန်အထိ အဆက်အသွယ်လုံးဝမရသေးဘူး။ ဘယ်နေရာကိုခေါ်သွားဆိုတာလည်း မသိရသေးဘူး။ သူမှာ နှလုံးရောဂါနဲ့ သွေးတိုးရှိတယ်။ လူကလူကောင်းတစ်ယောက်ပါ၊ ဘာမှအပြစ်မရှိပါဘူး။ မိသားစုတွေအနေနဲ့ စိုးရိမ်းမှုရှိတာပေါ့။ အမြန်ဆုံးပြန်လွှတ်ပေး စေချင်ပါတယ် ” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံထားရသူ ဦးဝင်းနိုင်မှာ ယခင်က စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး မြန်မာစစ်တပ်တွင် (သုံးပွင့်) ဖြင့် အရာရှိအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ကြောင်းလည်း မိသားစုဝင်များထံမှ သိရသည်။

ထိုသို့ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဖမ်းဆီးခဲ့ပြီးနောက်တွင် ကျောက်တော်မြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွ နေရာများတွင်  မြန်မာစစ်က ဒေသခံပြည်သူများကို တင်းကျပ်စွာ စစ်ဆေးမှုများရှိခဲ့သည်။ သို့သော် လက်ရှိတွင် လမ်းသွား၊ လမ်းလာများကို စစ်ဆေးမှုမရှိကြောင့် ဒေသခံတစ်ဦးက ပြောသည်။

“ သူဖမ်းဆီးခံရတဲ့နေကတော့ မြို့ထဲမှာ လမ်းသွား၊ လမ်းလာတွေကို အကုန်လုံးစစ်ဆေးတယ်။ ဖုန်းတွေကိုလည်း စစ်တယ်။ လုံခြုံရေးတွေတင်းကျပ်ထားတယ်။ ဒီနေ့တော့ လမ်းသွား၊ လမ်းလာတွေကို စစ်ဆေးမှုတော့ မရှိတော့ဘူး။ တည်ငြိမ်နေပါတယ် ” ဟု ကျောက်တော်မြို့ခံတစ်ဦးကဆိုသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ရေးတင်းမားမှုများရှိနေပြီး AA က ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရမ်းဗြဲနှင့် စစ်တွေမြို့တို့တွင် မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့ဝင်နှင့် စရဖ စသည့် စစ်တပ်နှင့် ဆက်နွှယ်သူ စုစုပေါင်း ၁၄ ဦး ညထက်မနည်းကို ဖမ်းဆီးထားသည်။

ထိုသို့ စစ်ကောင်စီနှင့် ဆက်နွှယ်သူများကို AA က ဖမ်းဆီးပြီးနောက် မြန်မာစစ်တပ်ဘက်ကလည်း စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးစသည့် ဒေသခံပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးခဲ့သည်။

ယင်းအထဲမှ တချို့ကို ပြန်လွှတ်ပေးခဲ့ပြီး လက်ရှိတွင် ရခိုင်ဒေသခံ ၃၀ကျော်ရှိနေသေးသည်။ ထိုအထဲမှ ၁၈ ဦးကို ၁၈ ဦးကို စစ်ကောင်စီက နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)နှင့် ခြေချုပ်နှင့် ခံဝန်ဥပဒေပုဒ်မ ၅(၁)၊(စ)၊ (ဆ)တို့ဖြင့် မှုဖွင့်တရားစွဲဆိုထားကြောင်း DMG မှ စုံစမ်းသိရှိရသည်။