တိုင်းရင်းသားနယ်မြေများမှာ စန်းမထနိုင်တော့သည့် NLD ပါတီ

၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အချင်းချင်းယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့ကြားတွင် မဲကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ တိုင်းရင်းသားပါတီများမှာ ယခုတစ်ကြိမ်တွင် NLD ပါတီနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရေးအတွက် အချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများ ရှိလာနေပြီဖြစ်သည်။ ထို့ကြောင့် NLD ပါတီအနေဖြင့် ယခုတစ်ခေါက်တွင်လည်း ယခင်ကဲ့သို့ သောင်ပြိုကမ်းပြို အနိုင်ရဦးမည်လော ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်။ လူအများစုကမူ NLD အနေဖြင့် အမတ်နေရာအများစုကို ထိန်းထားနိုင်ဦးမည် ဟု ယုံကြည်နေကြဆဲဖြစ်သည်။

By မေမိုး 13 Jul 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိရန် မျှော်မှန်းထားသည်။ (ဓာတ်ပုံ - AP)

မေမိုး ဘာသာပြန်ဆိုသည်

နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဗုဒ္ဓဟူးနေ့၌ ကြေညာခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် နိုင်ငံအတွင်း မတူကွဲပြားလှသည့် တိုင်းရင်းသားလူမျိုးစုများ၏ မဲဆန္ဒနယ်များတွင် အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်ခြေရှိသော်လည်း လွှတ်တော်နှစ်ရပ်လုံးတွင် အမတ်နေရာအများစု အနိုင်ရရန် မျှော်မှန်းထားသည်။

အမျိုးသားလွှတ်တော် ၂၂၄ နေရာနှင့် ပြည်သူ့လွှတ်တော် ၄၄၀ နေရာတို့၏ လေးပုံသုံးပုံအား ရွေးကောက်တင်မြှောက်ရမည်ဖြစ်ပြီး ကျန်နေရာများ(လေးပုံတစ်ပုံ)ကို တပ်မတော်မှ ခန့်အပ်မည်ဖြစ် သည်။ ‌ရွေးကောက်ခံအဖြစ်တင်မြှောက်မည့် အမတ်နေရာများအားလုံးအတွက် ခရိုင်များအလိုက် အမတ်နေရာတစ်နေရာစီအတွက် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မဲရေတွက်ပြီး အနိုင်ရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် သမ္မတသစ်တစ်ဦးရွေးချယ်ရန် ဆန္ဒမဲပေးရမည်ဖြစ်သည်။

ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပြန့်ပွားနေချိန်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပရန် ကြေညာခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကျင်းပမည့်နေ့တွင်လည်း ကပ်ရောဂါ အမြစ်ပြတ်နိုင်ဖွယ် အလားအလာ မရှိပေ။

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁ ရက်နေ့ အထိ ရောဂါကူးစက်ခံရသူဦးရေ ၃၀၀ ဦးရှိသည်။ သို့ရာတွင် အရှေ့တောင်အာရှရှိ အခြားသော နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ရောဂါကူးစက်ခံရသူဦးရေမှာ နည်းပါးသည့် အခြေအနေတွင်ရှိသည်။

တစ်ဖက်တွင်လည်း အချို့အတိုက်အခံပါတီများသည် တာဝန်ရှိသူများအား ရွေးကောက်ပွဲရွှေ့ဆိုင်းရန် တောင်းဆိုလျက်ရှိသည်။ ရွေးကောက်ပွဲကော်မရှင်သည် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုမှ ကာကွယ်ရန် မဲရုံများတွင် လူအချင်းချင်း ခပ်ခွာခွာနေရေးကဲ့သို့ အစီအမံများချမှတ်ရန် စီစဉ်လျက်ရှိသည်။

အကြမ်းဖျင်းအားဖြင့် မြန်မာနိုင်ငံရှိ လူဦးရေ ၅၃ သန်းအနက် ၇၀ ရာခိုင်နှုန်းခန့်မှာ ဗမာတိုင်းရင်းသားများဖြစ်ပြီး အခြားသော တိုင်းရင်းသားမျိုးနွယ်စုများနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရေးမှာ နိုင်ငံအနေဖြင့် ဆယ်စုနှစ်များစွာ ရင်ဆိုင်နေရသည့် အဓိကနိုင်ငံရေး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည်။ တိုင်းရင်းသားမျိုးနွယ်စု ၂၀ ခန့်မှ ထက်ဝက်ခန့်သည် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှုမရနိုင်သေးပေ။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် စစ်တပ်နှင့်ဆက်နွယ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း NLD သည် မိမိပါတီအနိုင်ရရှိပါက ငြိမ်းချမ်းရေးသဘော တူညီချက်ရရှိအောင် ဆောင်ရွက်မည်ဟု ကတိပြုခဲ့သည်။ NLD ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရွေးကောက်ခံအမတ်နေရာ စုစုပေါင်း၏ ၇၉ ရာခိုင်နှုန်းအထိ အနိုင်ရခဲ့ပြီး လွှတ်တော်တွင်လည်း အမတ်နေရာ ၅၈ ရာခိုင်နှုန်းအထိ လွှမ်းမိုးရယူထားနိုင်ခဲ့သည်။

သို့ရာတွင် စစ်တပ်မှာ အရပ်သားထိန်းချုပ်မှုအောက်တွင် မရှိသောကြောင့် NLD ဦးဆောင်သည့် အစိုးရအနေဖြင့် တိုင်းရင်းသားမျိုးနွယ်စုများနှင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ဖို့ရာ စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု၌ အခက်အခဲများရှိခဲ့သည်။

ကနဦးတွင် မျှော်လင့်ချက်မြင့်မားစွာထားခဲ့မိသော တိုင်းရင်းသားလူမျိုးစုများကြားတွင် စိတ်ပျက်စရာများ တစ်စတစ်စ ပျံနှံ့လာသည်။ ကချင်ပြည်နယ်မှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “NLD က စစ်တပ်နဲ့ တူလာတယ်၊ ကျွန်တော်တို့ကို သစ္စာဖောက်သွားသလို ခံစားရတယ်” ဟု ပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ဒုတိယအတွင်းရေးမှူး စိုင်းညွန့်လွင်က “ကျွန်တော်တို့ တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်နေတယ်၊ NLD နဲ့ ညှိနှိုင်းဆွေး‌နွေးနိုင်ဖို့ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အနိုင်ရချင်တယ်” ဟု ဒေသခံမီဒီယာတစ်ခုကို ဇွန်လနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ SNLD သည် ရှမ်းပြည်နယ်တွင်အခြေစိုက်သည့် အဓိက တိုင်းရင်းသားပါတီများ အနက်တစ်ခုဖြစ်သည်။



တစ်ဖက်တွင် စစ်တပ်၏ ဆယ်စုနှစ်များစွာကြာမျှ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် မြို့ပေါ်ရှိ မဲဆန္ဒရှင်ပြည်သူများအတွက် မြန်မာ့ဒီမိုကရေစီပြယုဂ် တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး လက်ရှိအချိန်ထိလည်း ထောက်ခံမှုကြီးကြီးမားမား ရရှိထားဆဲဖြစ်သည်။ သို့ရာတွင် သူမအပေါ် ကျေးလက်နေပြည်သူများ၏ ထောက်ခံမှုနှုန်းမှာ အပြည့်အဝမရှိဘဲ ထိုဒေသရှိ တိုင်းရင်းသားပါတီများအပေါ်တွင် ထောက်ခံသည့်နှုန်းလောက်သာ ရှိသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အချင်းချင်းယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့ကြားတွင် မဲကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ တိုင်းရင်းသားပါတီများမှာ ယခုတစ်ကြိမ်တွင် NLD ပါတီနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရေးအတွက် အချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများ ရှိလာနေပြီဖြစ်သည်။ ထို့ကြောင့် NLD ပါတီအနေဖြင့် ယခုတစ်ခေါက်တွင်လည်း ယခင်ကဲ့သို့ သောင်ပြိုကမ်းပြို အနိုင်ရဦးမည်လော ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်။ လူအများစုကမူ NLD အနေဖြင့် အမတ်နေရာအများစုကို ထိန်းထားနိုင်ဦးမည် ဟု ယုံကြည်နေကြဆဲဖြစ်သည်။

NLD ဦးဆောင်သည့် လွှတ်တော်သည် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေကို မေလအတွင်းက အတည်ပြုခဲ့သည်။ အဆိုပါပြင်ဆင်ချက်အရ လူတစ်ဦးသည် ဆန္ဒမဲပေးခွင့်ရရန် မဲဆန္ဒနယ်တစ်ခုတွင် ရက်ပေါင်း ၉၀ ကြာနေထိုင်ရန် လိုအပ်မည်ဖြစ်သည်။ ယခင်ဥပဒေအရ ၆ လကြာ နေထိုင်မှ ထိုဒေသတွင် ဆန္ဒမဲပေးခွင့်ရှိသည်။ တိုင်းရင်းသားပါတီများကမူ အစိုးရ၏ ဥပဒေပြင်ဆင်ချက်သည် ကျေးလက်ဒေသများတွင် လာရောက်နေထိုင်သူ ဗမာတိုင်းရင်းသားအများစု မဲပေးခွင့်ရရေးအတွက် ဆောင်ရွက်ချက်သာဖြစ်ကြောင်း ပြစ်တင်ဝေဖန်လျက် ရှိသည်။

NLD အတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုမှာ စစ်တပ်ကို နိုင်ငံရေးအာဏာပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပင်ဖြစ်သည်။ NLD သည် ထိုအားကြီးလှသည့်အဖွဲ့အစည်းနှင့် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဆွေးနွေးညှိနှိုင်းမှုများ ရှိခဲ့သော်လည်း ရလဒ်ကောင်း ထွက်မလာခဲ့ပေ။

NLD သာ လာမည့်ရွေးကောက်ပွဲများတွင် အမတ်နေရာအများစု ရှုံးနိမ့်ခဲ့မည်ဆိုပါက ပါတီအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ အကောင်ထည်ဖော်ဆောင်ရွက်ဖို့ရာ အတွက် နိုင်ငံရေးအာဏာ ဆုံးရှုံးနိုင်ခြေရှိနေပေသည်။

မေမိုး
(Nikkei Asian တွင်ဖော်ပြထားသည့် “Myanmar's Suu Kyi faces hard race in countryside as elections loom by YUICHI NITTA” ကို မြန်မာပြန်ဆိုပါသည်။)