ကျေးရွာ ၁၅ ရွာကို ၂၄ နာရီလျှပ်စစ်မီးရရှိရေးဆောင်ရွက်မှု တစ်နှစ်ကျော်ကြာသည့်တိုင်မပြီးမြောက်သေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ ကျေးရွာ ၁၁ ရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ ၄ ရွာတို့တွင် ၂၄ နာရီလျှပ်စစ်မီးရရှိရေးဆောင်ရွက်နေသည်မှာ တစ်နှစ်ကျော်ကြာသော်လည်း လျှပ်စစ်မီးမရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

23 Nov 2021

DMG ၊ နိုဝင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ ကျေးရွာ ၁၁ ရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ ၄ ရွာတို့တွင် ၂၄ နာရီလျှပ်စစ်မီးရရှိရေးဆောင်ရွက်နေသည်မှာ တစ်နှစ်ကျော်ကြာသော်လည်း လျှပ်စစ်မီးမရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ကားလမ်းမအနီးရှိ မြောက်ဦးမြို့နယ် တိန်ညိုစံပြကျေးရွာအပါအဝင် ဘူးရွက်မညိုး၊ အိုးထိမ်း၊ အောက်သကန်၊ လက္ကာ၊ ရှာရှည်ပြင်၊ ပညာသည်၊ သပြေကန်၊ ရွှေကျင်ပြင်၊ တောင်မြင့် စသည့်ကျေးရွာပေါင်း ၁၁ ရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ ၄ ရွာတွင် ယခင် NLD အစိုးရလက်ထက်က ၂၄ နာရီ လျှပ်စစ်မီးရရှိရန် လုပ်ဆောင်ခဲ့သည်။

အဆိုပါကျေးရွာများတွင် ၂၀၂၀ ခုနှစ်ဇွန်လမှစတင်ကာ ၂၀၂၁ ခုနှစ် ဇွန်လအထိ မီးလင်းရေးစီမံကိန်းဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းရပ်တန့်လိုက်ရသည်ဟု မီးလင်းရေးဆောင်ရွက်နေသည့် မြောက်ဦးမြို့မှ ဦးကိုစိုးကပြောသည်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးအခြေနေ၊ ငွေကြေးအခက်အခဲတွေကြောင့် လုပ်ငန်းတွေကိုရပ်တန့်လိုက်ရတယ်။ ဒီ ၁၂ လပိုင်းနောက်ပိုင်းမှာ ပြန်ပြီးတော့လုပ်မယ်ဆိုပြီးတော့ ပြောလာတယ်။ အခုက စပါးလည်းရိပ်သိမ်းလို့မပြီးသေးတဲ့အတွက် လုပ်လို့မရသေးဘူး။ တလင်းသိမ်းပြီးတဲ့အချိန်မှ လုပ်လို့ရမှာပါ။ ဆက်ပြီးတော့ လုပ်ဆောင်သွားမှာပါ“ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုအစိုးရခွင့်ပြုသည့် ဘက်ဂျက်ငွေဖြင့် ရန်ကုန်မြို့ရှိလျှပ်စစ်ကုမ္ပဏီတစ်ခုမှ ယင်းကျေးရွာများတွင် လမ်းမီးတိုင်၊ ဝါယာကြိုးသွယ်တန်းသည့်လုပ်ငန်းများကို လုပ်ဆောင်ထားကြောင်း သိရသည်။

မီးဖြန့်ဖြူးရေး Transformer ကိုလည်း တိန်ညိုစစ်ဘေးရှောင်စခန်းအနီးတွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး မည်သည့်အချိန်တွင် ဆောင်ရွက်မည်ကို မသိရသေးကြောင်း ဦးကိုစိုးကပြောသည်။
တိန်ညိုစံပြကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က “အခုလိုမျိုးကြန့်ကြာနေတာနဲ့ပတ်သက်လို့ ကျနော်တို့ကို အကြောင်းကြားတာတော့မရှိဘူး။ အရင်တုန်းကတော့ တခါတလေအဆက်အသွယ်ရလို့အကြောင်းကြားတာတွေရှိတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ အဆက်အသွယ်မရတော့ဘူး“ဟု ဆိုသည်။

အဆိုပါကျေးရွာများထဲမှ တချို့ကျေးရွာများတွင် လမ်းမီးတိုင်များစိုက်ထူထားပြီဖြစ်သော်လည်း တချို့ကျေးရွာများတွင် လက်ရှိအချိန်ထိ တစုံတရာလုပ်ဆောင်ထားခြင်း မရှိသေးပေ။

ရွှေကျင်ပြင်ကျေးရွာမှအုပ်ချုပ်ရေးမှူး ဦးကျော်တင်က “ကျနော်တို့ကတော့ ၂၄ နာရီမီးအမြန်ဆုံးရရှိဖို့ကို မျှော်လင့်နေကြပါတယ်။ အမြန်ဆုံးလုပ်ဆောင်ပေးစေချင်တယ်။ မီးတခုရသွားရင် ကျနော်တို့ကျေးလက်ဒေသတွေမှာ စီးပွားရေးပဲလုပ်လုပ် အဆင်ပြေသွားမယ်။ မီးမရရှိတဲ့အတွက် အခက်အခဲတွေအများကြီးဖြစ်တယ်။ ထမင်းချက်တာကအစ အခုဆိုရင် ထင်း၊ မီးသွေးတွေလည်း အရမ်းဈေးတက်။ အမြန်ဆုံးလုပ်ဆောင်ပေးစေချင်တယ်လို့တောင်းဆိုချင်ပါတယ်“ဟု ဆိုသည်။

လက်ရှိ ကျေးလက်ဒေသများတွင် ဆော်လာမီး၊ ဖယောင်းတိုင်မီးနှင့် မီးစက်မီးတို့ကိုအသုံးပြုနေကြရသည်။

လက္ကာကျေးရွာတွင် ၂၄ နာရီလျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြည်နယ်စစ်ကောင်စီမှ ပြီးခဲ့သည့်အောက်တိုဘာလ အစောပိုင်းကပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ လမ်းမီးတိုင်များလည်းမစိုက်ထူရသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ကပြောသည်။

အဆိုပါကျေးရွာများ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးနှင့်ပတ်သက်ပြီး လာမည့် ၂၀၂၂ နှစ် ဘဏ္ဍာနှစ် ၆ လတာဘက်ဂျက်ငွေတွင် အပြီးဆောင်ရွက်သွားမည်ဟု ပြည်နယ်စစ်ကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။

“အခု ၆ လတာဘက်ဂျတ်မှာ အပြီးလုပ်ဖို့စီစဉ်နေတယ်။ ၂၀၂၂ ဇန်နဝါလကနေစပြီးတော့ လုပ်ဆောင်သွားမှာပါ။ လက္ကာကျေးရွာက ဦးစားပေးပေါ့နော်။ ဘက်ဂျတ်မှာပါတဲ့ ကျေးရွာတွေကိုလည်းသွယ်တန်းပေးမှာပေါ့“ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်စာရင်းအရ ရခိုင်ပြည်နယ် (၁၇)မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၆၅၂ ရွာတွင် ၂၄ နာရီအချိန်ပြည့် လျှပ်စစ်မီးမရးသေးကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။