- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်မှာ နှစ်လတာအတွင်း မီးလောင်မှု (၃၁)ကြိမ်ဖြစ်ပွားခဲ့၊ မီးဘေးအန္တရာယ်သတိပြုကြရန် တိုက်တွန်း
ရခိုင်ပြည်တွင် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းတွင် မီးလောင်မှုစုစုပေါင်း (၃၁)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁ ဦးရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန၏စာရင်းအရ သိရသည်။
08 Mar 2022
DMG ၊ မတ် ၈
ရခိုင်ပြည်တွင် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းတွင် မီးလောင်မှုစုစုပေါင်း (၃၁)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁ ဦးရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန၏စာရင်းအရ သိရသည်။
ပွင့်လင်းရာသီတွင် ထိုသို့မီးလောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသောကြောင့် မီးဘေးအန္တရာယ်နည်းပါးစေရန်အတွက် မီးအန္တရာယ်သတိပြုကြရန်လိုအပ်သည်။ လက်ရှိတွင် မီးလောင်မှုမဖြစ်ပွားစေရန်အတွက် အသိပညာပေးမှုများဆောင်ရွက်နေကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်က ပြောသည်။
“ပြည်သူလူထုတွေရဲ့အိမ်တွေ၊ ဈေးတွေ၊ စက်သုံးဆီဆိုင်တွေ၊ ကျောင်းတွေမှာ အသိပညာပေးမှုတွေလုပ်နေတယ်။ စစ်ဆေးနေတယ်။ မီးဘေးကြိုတင်ကာကွယ်ရေးပိုင်းမှာဆို မီးလောင်ခဲ့ရင်အရေးပေါ်ငြိမ်းသတ်နိုင်အောင် ရှေးဦးမီးသတ်ပစ္စည်းတွေဆောင်ထားနိုင်အောင်အကြံပြုတယ်။ မီးငြိမ်းသတ်ရေးပိုင်းမှာ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မီးသတ်ကားတွေကို ကြံ့ခိုင်ကောင်းမွန်အောင် လေ့ကျင့်ပြင်ဆင်နေတယ်”ဟု ၎င်းကပြောသည်။
မီးလောင်မှုမဖြစ်ပွားစေရန်မှာ မီးသတ်တပ်ဖွဲ့ဝင်များ၏ တာဝန်တစ်ခုတည်းသာမဟုတ်ဘဲ ပြည်သူလူထုအားလုံးလည်း ဝိုင်းဝန်းပါဝင်သင့်ကြောင်းနှင့် ပြည်သူများအနေဖြင့် မီးသတ်ဦးစီးဌာနမှ သတိပေးထားသည့်အချက်များအား အလေးထားလိုက်နာရန် လိုအပ်သည်ဟု ဦးသန်းထိုက်ကပြောသည်။
“ပြည်သူလူထုရဲ့ လိုက်နာဆောင်ရွက်မှုအားနည်းမှုကြောင့် မီးလောင်မှုတွေများလာတာ။ အဓိကတော့သတိတရားပါ။ လျှပ်စစ်မီးဖြစ်ဖြစ်၊ မီးဖိုမီးဖြစ်ဖြစ် သုံးစွဲရင် သတိတရားလေးနဲ့သုံးစွဲကြဖို့ပေါ့။ အဓိက မီးလောင်မှုတစ်ခုဖြစ်ရင်ပြည်သူလူထုမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအကုန်ထိခိုက်ရမှာ။ အသက်အိုးအိမ်စည်းစိမ်တွေ နာရီပိုင်း၊မိနစ်ပိုင်းအတွင်း ဆုံးရှုံးမယ်။ အဲဒါကြောင့် သတိထားပြီးသုံးစွဲကြပါ”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် မီးလောင်မှု (၆၄)ကြိမ်အထိဖြစ်ပွားခဲ့ကာ သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရရှိ သူ ၇ ဦးရှိခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သန်း ၁၂၆ ဒသမ ၇၆၁ အထိရှိခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန၏ စာရင်းအရ သိရသည်။