- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
၂ လနီးပါးပိတ်ထားသည့် မင်းပြား-မြေပုံ ကားလမ်းရှိ ကြပ်စင်တံတားဂိတ်ကို စစ်ကောင်စီ ပြန်ဖွင့်
ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တကျော့ပြန်တိုက်ပွဲများပြင်းထန်နေချိန် စစ်ကောင်စီဘက်မှ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားခဲ့သည့် မင်းပြား-မြေပုံကားလမ်းရှိ ကြပ်စင်တံတားကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းအချိန်မှစတင်ကာ သွားလာခွင့်ဖွင့်ပေးလိုက်ကြောင်း ဒေသခံများနှင့် ကားသမားများထံမှသိရသည်။
10 Dec 2022
မင်းပြား-မြေပုံကားလမ်းရှိ ကြပ်စင်တံတားအား တွေ့ရစဉ်။
DMG | ဒီဇင်ဘာ ၁၀
ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တကျော့ပြန်တိုက်ပွဲများပြင်းထန်နေချိန် စစ်ကောင်စီဘက်မှ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားခဲ့သည့် မင်းပြား-မြေပုံကားလမ်းရှိ ကြပ်စင်တံတားကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းအချိန်မှစတင်ကာ သွားလာခွင့်ဖွင့်ပေးလိုက်ကြောင်း ဒေသခံများနှင့် ကားသမားများထံမှသိရသည်။
လက်ရှိတွင် ကြပ်စင်တံတားပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများမှာ အဆိုပါတံတားပေါ်တွင် ရှိနေသေးသော်လည်း အစစ်အဆေးမရှိဖြတ်သန်းသွားလာခွင့်ပေးနေသည်ဟု မြေပုံ-မင်းပြား- မြောက်ဦးသို့ ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။
"ကျနော်တို့ကားကို ရပ်နားထားရတာ ၂လနီးပါးရှိနေပြီ။ အခုမနက်ကပဲ လမ်းဖွင့်ပေးပြီဆိုလို့ ကားစထွက်တာ။ ဘာအစစ်အဆေးအမေးအမြန်းမှ မရှိဘူး။ ပစ္စည်းတွေအကန့်အသတ်နဲ့သယ်စရာလည်း မလိုတော့ဘူး။ အရင်တုန်းကအတိုင်းပဲ လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်က ရှိတော့ရှိနေသေးတယ်။ သူတို့ တပ်ချထားတာတွေကို ရုပ်သိမ်းဖို့အတွက် ပစ္စည်းတွေပြန်သိမ်းနေကြတာထင်တယ်။ ဘာပဲဖြစ်ဖြစ် အခုလို လမ်းပြန်ဖွင့်ပေးလိုက်တော့ ကျနော်တို့ကားသမားတွေရဲ့ စားဝတ်နေရေးအတွက်လည်း အဆင်ပြေသွားတာပေါ့"ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က မင်းပြားမြို့နယ်၊ င/တန်ပျင်းတံတားအနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ မိနစ်အနည်းငယ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ကြပ်စင်တံတား၌ နေရာယူကာ မင်းပြား-မြေပုံကားလမ်းကို သွားလာခွင့်ပိတ်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါတံတားကို နှစ်လနီးပါးပိတ်ထားခဲ့ပြီးနောက် လက်ရှိအပစ်ရပ်ထားသည့်အချိန်တွင် ပြန်လည်ဖွင့်ပေးလာခြင်းဖြစ်ပြီး ယခုစစ်ကောင်စီက ပြန်ဖွင့်ပေးလိုက်သည့် ကြပ်စင်တံတားမှာ မင်းပြားမြို့နယ်၊တောင်ပိုင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်နှင့် မြေပုံမြို့နယ်တစ်ခုလုံးမှ အဓိက မှီခိုအားထားကာ သွားလာနေရသည့် ကားလမ်းတစ်ခုဖြစ်သည်။
လက်ရှိ အပစ်ရပ်နေသည့်အချိန်တွင် စစ်ကောင်စီဘက်မှ ကုန်းလမ်း၊ ရေလမ်းအချို့ကို ပြန်လည်ဖွင့်ပေးလာသော်လည်း တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပါက လမ်းပိတ်ဆို့မှုများ ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်နေရသည်ဟု မင်းပြားမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။
"ကြပ်စင်တံတားပိတ်ထားလို့ မင်းပြားမြို့နယ်ကလူတွေစားဝတ်နေရေးတွေ၊ ကျန်းမာရေးတွေအခက်ခဲဖြစ်ခဲ့ရတယ်။ မြေပုံဘက်ကလူတွေဆိုလည်း စစ်တွေကိုသွားရင် မင်းပြားကနေတဆင့်သွားရတာဆိုတော့ အခက်အခဲဖြစ်ခဲ့ရတယ်။ အခုအနေအထားက တိုက်ပွဲဖြစ်ရင်လမ်းပိတ်တယ်။ ဒါကြောင့် နောက်ထပ်တိုက်ပွဲဖြစ်ရင်လည်း လမ်းမပိတ်ဘူးလို့ပြောလို့မရဘူး။ ကျနော်တို့ ဒေသခံတွေအနေနဲ့ ပြောချင်တာက တိုက်ပွဲတွေမဖြစ်ဘဲ အဖြေတခုကို ရှာစေချင်ပါတယ်။ မဟုတ်ရင် ဒေသခံတွေ အခုလိုအခက်အခဲမျိုးတွေ ထပ်ကြုံလာရအုံးမှာဖြစ်တယ်"ဟု ၎င်းကပြောသည်။
ယခုနှစ် ဩဂုတ်လအတွင်းမှစတင်ကာ လေးလနီးပါးအထိ အပြင်းအထန်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် AA တို့၏ တကျော့ပြန်တိုက်ပွဲများသည် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်ဖက်နားလည်မူဖြင့် အပစ်အခတ်ရပ်စဲခဲ့ကြသည်။
ယင်းနောက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့်အချိန်က ပိတ်ထားခဲ့သည့် ရခိုင်ပြည်မြောက်ပိုင်းမှ ရေကြောင်းလိုင်းများနှင့် စစ်တွေ-မောင်တော-အငူမော်ကားလမ်း၊ မင်းပြား-မြေပုံကားလမ်း၊ ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းတို့ကို ပြန်လည်ဖွင့်ပေးလာသည်။
သို့သော် စစ်ကောင်စီမှ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို ယခုအချိန်ထိ ပိတ်ပင်ထားဆဲဖြစ်သလို ပြန်လည်ဖွင့်ပေးသည့် ကားလမ်းများတွင်လည်း ရိက္ခာသယ်ယူခွင့်များကန့်ချက်များရှိနေသည်ဟုဒေသခံများထံမှ သိရသည်။