၂၀၂၁ ခုနှစ်က မီတာကြွေးမြီများကို ကောက်ခံမှုကြောင့် ပုဏ္ဏားကျွန်းတွင် မြို့ခံများနှင့် လျှပ်စစ်ဌာနကြား အငြင်းပွားနေ

ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်မှ ကိုနေထွန်း၏ နေအိမ်သို့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လျှပ်စစ်ဌာနမှ ဝန်ထမ်းများရောက်ရှိလာပြီး မီတာကြွေးများပေးရန် ကျန်ရှိသည်ဟုဆိုကာ မီးဖြတ်ခဲ့သည်ဟုပြောသည်။

By Admin 25 Jan 2023

၂၀၂၁ ခုနှစ်က မီတာကြွေးမြီများကို ကောက်ခံမှုကြောင့် ပုဏ္ဏားကျွန်းတွင် မြို့ခံများနှင့် လျှပ်စစ်ဌာနကြား အငြင်းပွားနေ

ပုဏ္ဏားကျွန်းမြို့ကို အဝေးမှ လှမ်းမြင်ရခြင်း။

DMG ၊ ဇန်နဝါရီ ၂၅

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က လျှပ်စစ်မီတာခ ကြွေးမြီများ ပေးဆောင်ရန် ကျန်ရှိနေသေးသည်ဟုဆိုကာ လျှပ်စစ်ဌာနက လိုက်လံကောက်ခံနေခြင်းကြောင့် မြို့ခံများနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်မှ ကိုနေထွန်း၏ နေအိမ်သို့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လျှပ်စစ်ဌာနမှ ဝန်ထမ်းများရောက်ရှိလာပြီး မီတာကြွေးများပေးရန် ကျန်ရှိသည်ဟုဆိုကာ မီးဖြတ်ခဲ့သည်ဟုပြောသည်။

“မီးဖြတ်မယ်ဆိုပြီးပြောတယ်။ ဘာလို့လဲမေးတော့ အကြွေးကျန်ရှိနေလို့ပဲပြောတယ်။ ကျနော်က လတိုင်းငွေသွင်း ပြီးသားပါ။ အကြွေးမရှိပါဘူးလို့ပြန်ပြောတော့ ရုံးကိုလာခဲ့ဆိုပြီးပြောတယ်။ ပြီးရင် အိမ်ကို ချက်ချင်း မီးဖြတ်လိုက်တယ်”ဟု ၎င်းကဆိုသည်။

ကိုနေထွန်းမှ လျှပ်စစ်ရုံးသို့သွားရောက်ခဲ့ရာတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မီတာခ ငါးလစာပေးရန် ကျန်သေးသည်ဟုပြောသဖြင့် မီတာခ နှစ်လစာကို ပေးဆောင်ခဲ့ရကြောင်းပြောသည်။

“အရင်က ၁ လ မသွင်းရင်တောင် မီးလာဖြတ်နေတာ။ ၅ လစာ မသွင်းဘဲနဲ့ ဘယ်သူမှမနေဘူး။ သူတို့ ၅ လစာ (၂၉၀,၀၀၀)ကျော် သွင်းရမယ်ပြောလို့ ကျနော်မတတ်နိုင်လို့ နှစ်လစာသွင်းခဲ့တယ်။ ကျန်တဲ့ သုံးလစာအတွက် ဆက်ကောက်မယ်ဆိုပြီး ပြောတယ်။ ကျနော် အရင်နှစ်တွေက လတိုင်းငွေသွင်းခဲ့တာပါ။ အခုက တစ်မြို့လုံးလိုလို ငွေပေးနေရတာပါ။ လူတိုင်းက မတရားဘူးလို့ပဲ မြင်နေကြတယ်”ဟု ကိုနေထွန်းက ပြောသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ကိုသန်းထူး၏ နေအိမ်သို့လည်း လျှပ်စစ်ရုံး ဝန်ထမ်းများမှ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရောက်ရှိလာကာ ၂၀၂၁ ခုနှစ်က လျှပ်စစ်မီတာခ ၉ လစာ မသွင်းရသေးကြောင်း ပြောသဖြင့် ငွေကျပ် ၃ သိန်းကျော် ပေးဆောင်လိုက်ရသည်ဟုဆိုသည်။

“ကျနော်တို့မိသားစု လတိုင်း ငွေပုံမှန်သွင်းခဲ့တာပါ။ ၂၀၂၁ ခုနှစ်က စာရွက်တွေကလည်း ရှာလို့မရတော့ပါ။ သူတို့ကတော့ မီတာခ လုံးဝမသွင်းခဲ့ဘူးဆိုပြီးပြောတယ်။ အဲဒီငွေတွေကိုမသွင်းရင် မီးဖြတ်မယ်ဆိုပြီး ပြောတယ်။ မီးအဖြတ်မခံချင်ရင် တခါတည်းငွေသွင်းလိုက်ဆိုပြီးပြောတယ်။ ကျနော်လည်း အဲဒီငွေတွေ တခါတည် ပေးလိုက်ရပါတယ်“ဟု ကိုသန်းထူးကပြောသည်။

လျှပ်စစ်မီတာခကြွေးမြီ ကောက်ခံနေမှုနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် လျှပ်စစ်ဌာနမှ တာဝန်ရှိသူများကို DMG မှ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

“အခုလိုဖြစ်ပျက်နေတာက တစ်အိမ်တည်းမဟုတ်ပါ။ ရပ်ကွက်တိုင်းလိုလိုမှာ ဖြစ်နေတာပါ။ အုပ်ချုပ်ရေးမှူးရုံးတောင်မကျန် ငွေဆောင်နေရတာတွေ တွေ့နေရပါတယ်။ အဲဒီလျှပ်စစ်ရုံးကလူတွေက စာရင်းနဲ့တကွ လာကြတာပါ။ ဥပမာ- လမ်းတစ်လမ်းမှာဆိုရင် ၆ အိမ် ၇ အိမ်လောက်က အဲလိုငွေကြေးတွေ ဆောင်နေရတာ။ ကြားရတာက အကြွေး သိန်းတစ်ထောင်ဖိုးလောက်တောင် စာရင်းစာရွက်မှာ ပါတယ်လို့ကြားတယ်”ဟု ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ ဦးအေးမောင်ကပြောသည်။

စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း ရခိုင်က မြို့နယ်များတွင် လျှပ်စစ်မီးများ အချိန်ကြာမြင့်စွာ ပြတ်တောက်ခဲ့ကာ လက်ရှိတွင်လည်း တစ်နေ့လျှင် အနည်းဆုံး ၄ နာရီခန့် လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပေါ်လျက်ရှိသည်။

#I002

ဗီဒီယိုများ