လေပြင်းတိုက်ခတ်မှုကြောင့် ပေါက်တောတွင် စက်လှေနစ်မြုပ်၍ လူနှစ်ဦးသေဆုံး

ပြီးခဲ့သည့်မေလ ၂၁ ရက်နေ့က ရခိုင်တွင် လေပြင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ပေါက်တောမြို့နယ် ကျောက်မောင်းကျေးရွာမှ ရေလုပ်သား ၂ ဦး သေဆုံးသွားခဲ့ဟု ဒေသခံများပြောဆိုချက်အရ သိရသည်။

23 May 2022

(ပေါက်တောတွင် စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသွားသူ၏ ရုပ်အလောင်းကို ကျေးရွာသုဿာန်၌ သဂြိုလ်ရန်ပြင်နေစဉ်) ဓာတ်ပုံ-ကိုညီဒေါင်း

DMG ၊ မေ ၂၃

ပြီးခဲ့သည့်မေလ ၂၁ ရက်နေ့က ရခိုင်တွင် လေပြင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ပေါက်တောမြို့နယ် ကျောက်မောင်းကျေးရွာမှ ရေလုပ်သား ၂ ဦး သေဆုံးသွားခဲ့ဟု ဒေသခံများပြောဆိုချက်အရ သိရသည်။

သေဆုံးသူများမှာ ကိုငယ်မောင်ချေ(၂၈ နှစ်)နှင့် ကိုနုစိန်အောင် (၂၅ နှစ်)တို့ဖြစ်ကြပြီး ပြီးခဲ့သည့်မေလ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကျောက်မောင်းရွာအရှေ့ဘက် မြစ်ပြင်ထဲ၌ ငါးဖမ်းနေစဉ် မိုးသက်လေပြင်းကျရောက်သောကြောင့် စက်လှေတိမ်းမှောက်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကျောက်မောင်းရွာသား ကိုမောင်သန်းဝင်းက DMG သို့ပြောသည်။

“ကျနော်တို့ ကျောက်မောင်း အရှေ့ဘက်ကမ်းခြေမြစ်ထဲကို ငါးဖမ်းသွားကြရင်း လေပြင်းတိုက်တဲ့အခါ စက်လှေတိမ်းမှောက်ပြီးတော့ အသက်သေဆုံးခဲ့ကြတာပါ။ အလောင်းတွေကိုတော့ ၂၂ ရက်နေ့ မနက်ကရှာတွေ့လို့ ညနေဘက် ကျေးရွာသုဿာန်မှာပဲ သင်္ဂြိုလ်လိုက်ကြတယ်”ဟု ကိုမောင်သန်းဝင်းကပြောသည်။

သေဆုံးသွားသူ ၂ ဦးတို့၏ရုပ်အလောင်းကို ယမန်နေ့ကတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျေးရွာသုဿာန်တွင် သဂြိုလ်လိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

အလားတူ လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ဖြူမြို့နှင့် မြေပုံမြို့နယ် ငပသုန်ကျေးရွာသို့ပြေးဆွဲနေသည့် စက်လှေတစ်စီး နစ်မြုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း ငပသုန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဘော်ကြီးကDMGသို့ပြောသည်။

“ဘုတ်က ကျောက်ဖြူကနေ (မြေပုံ)ငပသုန်ကိုအလာမှာ လေပြင်းတွေတိုက်တော့ ကျောက်ဖြူမြို့နယ် ပြင်ဖြူချောင်းကျေးရွာနားမှာ မြုပ်တာပါ။ လူတွေက‌တော့ ဘာမှမဖြစ်ဘူး။ လှိုင်းလေထပြီး ကျောက်နဲ့တိုက်မိသွားတယ်ထင်တယ်။ ဘုတ်ကတော့ ပေါက်ထွက်သွားတယ်။ ခန့်မှန်းခြေဘုတ်မှာ လူနှစ်ဆယ်လောက်တော့ပါမယ်”ဟု ဦးအောင်ဘော်ကြီးကပြောသည်။

ယခင်ကလည်း ရခိုင်တွင် မိုးဦးကာလလေပြင်းတိုက်ခတ်မှုကြောင့် ပင်လယ်ကမ်းနားရှိ ရေလုပ်သားဒေသခံတို့မှာ အန္တရာယ်ကျရောက်မှုများကို မကြာခဏကြုံတွေ့ကြရသည်။

ရခိုင်ပြည်နယ်အတွင်း မေလ ၂၁ ရက်နေ့ကတိုက်ခတ်ခဲ့သော မိုးသက်လေပြင်းကြောင့် မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များရှိ စစ်ဘေးရှောင်နေအိမ်အချို့လည်း ပျက်စီးခဲ့သည်။