- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်ပြည်တွင် ယာဉ်မတော်တဆမှုကြောင့် သုံးရက်လျှင် တစ်ဦး နှုန်းသေဆုံး
ရခိုင်ပြည်နယ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားမှုမှာ ယခင်နှစ်များထက် ကျဆင်းခဲ့သော်လည်း လူသေဆုံးမှုမှာ သုံးရက်လျှင် တစ်ဦးနှုန်းခန့်ရှိနေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
26 Oct 2021
DMG ၊ အောက်တိုဘာ ၂၆
ရခိုင်ပြည်နယ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားမှုမှာ ယခင်နှစ်များထက် ကျဆင်းခဲ့သော်လည်း လူသေဆုံးမှုမှာ သုံးရက်လျှင် တစ်ဦးနှုန်းခန့်ရှိနေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ရခိုင်ပြည်နယ်ရှိ (၁၇)မြို့နယ်အတွင်းမှာ ၂၀၁၉ ခုနှစ်က ယာဉ်မတော်တဆမှု ၃၃၇ မှုဖြစ်ပွားခဲ့ပြီး ၁၁၄ ဦးသေဆုံးကာ ၄၆၅ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အလားတူ ၂၀၂၀ ခုနှစ်မှာ ယာဉ်မတော်တဆမှုကြောင့် ၁၂၁ ဦး သေဆုံးခဲ့ပြီး ၂၆၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လအထိစာရင်းများအရ ရှစ်လအတွင်း ၈၅ ဦးသေဆုံးကာ ၁၅၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ယာဉ်မတော်တဆဖြစ်ပွားမှုအရေအတွက် ကျဆင်းခဲ့သော်လည်း လူသေဆုံးမှုမှာ မကျဆင်းကြောင်း အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရခိုင်)မှ ဒုတပ်ခွဲမှူး မြတ်မိုးကျော်သူက DMG သို့ ပြောသည်။
“အခုက ကိုဗစ်ကာလဆိုတော့ Lock Down တွေဘာတွရှိခဲ့တယ်။ လူတွေသွားလာမှုလျော့နည်းခဲ့တာကြောင့် ယာဉ်မတော်တဆမှုတွေ သိသိသာသာလျော့ကျလာတယ်။ ဒါပေမဲ့ သေဆုံးမှုက ကျမသွားဘူး။ ယာဉ်မတော်တဆမှုသုံးမှုဖြစ်ရင် လူက နှစ်ယောက်လောက်သေဆုံးတယ်။ ပျမ်းမျှပေါ့နော်။ လက်ရှိအခြေအနေအရဆို ရခိုင်မှာ စစ်ဘေးကြောင့်လူမသေဘဲ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုတွေပိုများလာတယ်”ဟု ဒုတပ်ခွဲမှူး မြတ်မိုးကျော်သူကဆိုသည်။
ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှု လျော့နည်းကျဆင်းစေရန် ပြည်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရန်လိုအပ်ကာ ဆိုင်ကယ်မောင်းနှင်ပါက ဆိုင်ကယ်စီးဦးထုတ်ကို တပ်ဆင်ရန်လိုအပ်ကြောင်း၊ အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်ရန် မပြုသင့်ကြောင်း ၎င်းကရှင်းပြသည်။
“ယာဉ်မောင်းရင် အရက်သေစာသောက်စားပြီး မောင်းကြတယ်။ ရခိုင်ပြည်မှာက ကွန်ကရစ်လမ်းတွေများတယ်။ ကွန်ကရစ်လမ်းက ကတ္တရာလမ်းနဲ့ မတူဘူး။ ကြွပ်ဆပ်တဲ့အတွက် ဆိုင်ကယ်မတော်တဆမှုဖြစ်ရင် ကျိုးရင်ကျိုး မကျိုးရင်ကွဲပြဲဒဏ်ရာရတာပဲ။ ပြီးတော့ ဒီကလူတွေက ဆိုင်ကယ်ဦးထုပ်ဆောင်းတာ နည်းတော့ ယာဉ်မတော်တဆမှုဖြစ်တာနဲ့ အသက်ဆုံးပါးနိုင်ခြေ ပိုများကုန်တာပေါ့”ဟု ဒုတပ်ခွဲမှူး မြတ်မိုးကျော်သူက ရှင်းပြသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုအရေအတွက် လျှော့နည်းကျလာစေရန် ဆောင်ရွက်နေသော်လည်း ဝန်ထမ်းအင်အားမလုံလောက်မှု၊ ပြည်သူများပူးပေါင်းပါဝင်မှု နည်းပါးမှုတို့ကြောင့် ထင်သလောက်ခရီးမပေါက်ကြောင်း ဒုတပ်ခွဲမှူးက ဆိုသည်။
“လက်ရှိမှာက မြို့ပြလူဦးရေထူထပ်လာပြီ။ နောက်ပြီး လူအတော်များများက ယာဉ်စီးကမ်းလမ်းစည်းကမ်းကို မသိနားမလည်ကြဘူး။ပြီးတော့ အရက်သေစာ သောက်စားပြီး ဆိုင်ကယ်မောင်းကြတဲ့ သူတွေကလည်း ရှိနေတော့ အခုလို ယာဉ်တော်တဆမှုတွေ ဖြစ်လာတယ်။ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အရေအတွက်လည်းများလာတယ်”ဟု စစ်တွေမြို့ဒေသခံ တစ်ဦးဖြစ်သူ ကိုဇော်ဇော်ထွန်းကပြောသည်။
ပြည်သူများအနေဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စီးကမ်းလမ်းစည်းကမ်းကို စနစ်တကျ လိုက်နာရန်လိုအပ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူများကို ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးကိုလည်း အလေးပေးဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။