- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်တော်မှ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲသုံးဦးကို AA က ဖမ်းဆီး
မြန်မာစစ်တပ်နှင့် သဘောထားတင်းမာနေသည့် ရက္ခိုင့်တပ်တော်(AA)သည် ကျောက်တော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ယနေ့(ဇွန်လ ၂၀ ရက်) ညနေ ၆ နာရီခန့်က ဖမ်းဆီးသွားသည်ဟု ဒေသခံများထံမှသိရသည်။
20 Jun 2022
DMG ၊ ဇွန် ၂၀
မြန်မာစစ်တပ်နှင့် သဘောထားတင်းမာနေသည့် ရက္ခိုင့်တပ်တော်(AA)သည် ကျောက်တော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ယနေ့(ဇွန်လ ၂၀ ရက်) ညနေ ၆ နာရီခန့်က ဖမ်းဆီးသွားသည်ဟု ဒေသခံများထံမှသိရသည်။
၎င်းတို့ကို မြို့သစ်ရပ်ကွက်၊ ဘောလုံးကွင်းအနောက်ဘက်ရှိ အရက်ဆိုင်သို့သွားရောက်စဉ် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက DMG သို့ပြောသည်။
“သူတို့က ရဲစခန်းအနီးနားက ဆိုင်ကိုထွက်လာတဲ့အချိန်မှာ အဖမ်းခံလိုက်ရတာပါ။ တစ်ချို့မျက်မြင်တွေပြောတာကတော့ အတင်းအကျပ်ဖမ်းခေါ်သွားတာမျိုးမဟုတ်ဘဲ အသာတကြည်နဲ့ လိုက်သွားကြတယ်လို့တော့ပြောတာပဲ”ဟု ၎င်းကဆိုသည်။
ရက္ခိုင့်တပ်တော်သည် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများကို မကြာခဏဖမ်းဆီးမှုများရှိနေသည်။ ထိုသို့ဖမ်းဆီးရခြင်းမှာ ၎င်းတို့အဖွဲ့ဝင်များကို မြန်မာစစ်တပ်က ဖမ်းဆီးနေသောကြောင့် အပြန်အလှန်ဖမ်းဆီးရခြင်းဟု AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက DMG သို့ပြောထားသည်။
ယနေ့ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ကျောက်တော်ဒေသခံနောက်တစ်ဦးကလည်း “ရဲစခန်းအနားက အရက်ဆိုင်ကို အရက်သောက်ဖို့ထွက်လာကြတာလို့သိရတယ်။ လမ်းမှာဖမ်းတာလား၊ ဆိုင်မှာဖမ်းတာလားဆိုတာတော့ ကျနော်တို့လည်းမသိသေးဘူး။ ဘာပဲဖြစ်ဖြစ် သူတို့တပ်ဖွဲ့ဝင်တွေကို ဖမ်းထားတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်ဖမ်းတာဆိုပြီး အေအေဖက်ကလည်း သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုထားတာဆိုတော့ ဒီလိုဖြစ်စဉ်တွေက နောက်ထပ်လည်းထပ်ဖြစ်လာမှာပဲ”ဟု ဆိုသည်။
ရက္ခိုင့်တပ်တော်သည် ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ULA/AA အဖွဲ့ဝင်များနှင့် သုံ့ပန်းချင်းလှဲလှယ်မည်ဟု ဇွန်လ ၁၄ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခကပြောထားသည်။
လက်ရှိတွင် ကျောက်တော်မြို့၏အခြေအနေမှာ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း မြို့ဝင်ကားဂိတ်အနီးမှ သေနတ်ပစ်ဖောက်သံ ငါးချက်ခန့်ကြားရကြောင်း ဒေသခံများကဆိုသည်။ လတ်တလောအခြေအနေတွင် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများမှာ အရက်ဆိုင်အနီးရှိနေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများရှိနေကြောင်း သိရသည်။
“လက်နက်ကိုင်အချင်းချင်းဖြစ်တာမှာ အရပ်သားတွေကို ဥပဒေမဲ့တော့ မလုပ်စေချင်ဘူး”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ကျောက်တော်ဒေသခံတစ်ဦးကပြောသည်။
ကျောက်တော်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်နှစ်ဦးကို ရက္ခိုင့်တပ်တော်က ဖမ်းခေါ်သွားသည်။ ထို့ပြင် ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် မြန်မာစစ်တပ်မှ စစ်သားတစ်ဦးနှင့် ဇွန်လ ၁၇ ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာတွင် ရဲတပ်ကြပ်ကြီးတစ်ဦးတို့ကိုလည်း ရက္ခိုင့်တပ်တော်ကဖမ်းဆီးခဲ့သည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် နားလည်မှုသဘောဖြင့် အပစ်ရပ်ထားသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အခြေအနေရှိပြီး ယခုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးနေခြင်းသည် တိုက်ပွဲဖြစ်ပွားလာမည့် လက္ခဏာ ပိုမိုထင်ရှားလာသည်ဟု ရခိုင်အရေးလေ့လာသူများက ဆိုကြသည်။
မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်ကဆောင်ရွက်နေသော တရားစီရင်ရေး၊ အုပ်ချုပ်ရေးကိစ္စရပ်များကို နှောင့်ယှက်နေသောကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း AA ဘက်က ပြောထားသကဲ့သို့ ဗိုလ်ချုပ်ထွန်း မြတ်နိုင်ကိုယ်တိုင်ကလည်း အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို သတိပေးထားသည်။
တစ်ဖက်တွင်လည်း ရက္ခိုင့်တပ်တော်သည် တိုက်ပွဲကို စိန်ခေါ်နေသည့်ပုံစံဖြစ်နေကြောင်းနှင့် ပြဿနာတစ်စုံတစ်ရာဖြစ်ပွားလာလျှင် မိမိတို့ကိုအဆိုးမဆိုရန် မြန်မာစစ်တပ်မှ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားသည်။
ထို့ပြင် ဇွန်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီဒုဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရခိုင်တွင် တာဝန်ထမ်းဆောင်နေသည့် ၎င်းတို့တပ်ဖွဲ့ဝင်များကို တိုက်ပွဲဝင်ရန်အသင့်ရှိနေရမည်ဟု ၎င်းကိုယ်တိုင်လာရောက်ပြီး သတိပေးစကားပြောကြားခဲ့သည်။