စစ်တွေတွင် ဘေးတွဲနှင့်သုံးဘီးဆိုင်ကယ်များမောင်းနှင်မည့် လမ်းအချို့ကို သတ်မှတ်မည်

ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များ မောင်းနှင်သွားလာရမည့်လမ်းအချို့ကို သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရ သည်။

By DMG 06 Jan 2022

DMG ၊ ဇန်နဝါရီ ၆

ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များ မောင်းနှင်သွားလာရမည့်လမ်းအချို့ကို သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရ သည်။

စစ်တွေမြို့အတွင်းရှိ ဘေးတွဲနှင့်သုံးဘီးဆိုင်ကယ်မောင်းနှင်သူအများစုမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုအားနည်းသဖြင့် ယာဉ်ကြောရှုပ်ထွေးမှုများ နေ့စဉ်ဖြစ်ပွားရကြောင်းလည်း ဆိုသည်။

ယင်းသို့ယာဉ်ကြောရှုပ်ထွေးမှုများကိုဖြေရှင်းနိုင်ရန် ဘေးတွဲနှင့် သုံးဘီးဆိုင်ကယ်များကို မြို့အတွင်း မောင်းနှင်ရမည့်လမ်းအချို့ကို သတ်မှတ်ေပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။

“သုံးဘီးဆိုင်ကယ်တွေ၊ ဘေးတွဲဆိုင်ကယ်တွေကို လမ်းသွားလမ်းလာတွေအဆင်ပြေဖို့အတွက် ဘယ်လမ်းတွေကိုမသွားရဘူး။ ဘယ်လမ်းတွေကိုတော့ သွားရမယ်ပေါ့လေ။ အဲဒီလိုမျိုးသတ်မှတ်မယ်"ဟု ၎င်းကဆိုသည်။

ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို ဖယ်ရှားသွားမည်ဆိုသည့်သတင်းမှာ မမှန်ကန်ကြောင်း ဦးသန်းထွန်းကပြောသည်။

"ရုပ်သိမ်းသွားမယ်။ ပြေးဆွဲခွင့်မပြုတော့ဘူးဆိုတာ မဟုတ်ဘူး။ တချို့ဆိုရင် တစ်လမ်းမောင်းစနစ်နဲ့ လုပ်ဆောင်သွားမဲ့ဟာတွေလည်းရှိတယ်။ သဘောကတော့ သေသေချာချာမောင်းလို့ရအောင်ပြင်ဆင်သွားဖို့စနစ်ပဲရှိပါတယ်“ဟု ၎င်းကဆိုသည်။

ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များ မောင်းနှင်ရမည့်လမ်းကိုသတ်မှန်ရန် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းရေးကော်မတီနှင့် အစည်းအဝေးပြုလုပ်မည်ဖြစ်ပြီး ယခုနှစ်အတွင်းမှာ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။

စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို ဖယ်ရှားသွားရန်စီစဉ်နေကြောင်း ပြည်နယ်စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဇန်နဝါရီ ၃ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းသို့ဖယ်ရှားမည်ဆိုပါက ဘေးဆွဲနှင့်ဆိုင်ကယ်မောင်းနှင်သူများ၏ မိသားစုများအတွက် ကြီးမားသည့်စိန်ခေါ်မှုတရပ်ဖြစ်လာနိုင်သည့်အတွက် ယင်းလုပ်ရပ်အပေါ် ဝေဖန်မှုများရှိခဲ့သည်။

လက်ရှိမှာ ဘေးတွဲနှင့် သုံးဘီးဆိုင်ကယ်များကို ဖယ်ရှားခြင်းမဟုတ်ဘဲ ၎င်းတို့မောင်းနှင်ရမည့်လမ်းကိုသာ သတ်မှတ်မည်ဆိုပါက ကောင်းမွန်သည့်လက္ခဏာဖြစ်ကြောင်း၊ သို့သော် ခရီးသွားပြည်သူများအတွက်မူ အခက်အခဲတစ်ချို့ဖြစ်လာနိုင်ကြောင်း ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ ဦးဦးမောင်ကဆိုသည်။

“လမ်းနယ်မြေတစ်ခု သတ်မှတ်ပြီးထားရင်တော့ လမ်းသွားလမ်းလာတွေအတွက် အဆင်ပြေသွားတာပေါ့နော်။ ခရီးသည်တွေအတွက်တော့ ဈေးတန်တန်နဲ့ ကြုံသလိုစီးလို့မရတော့ဘူး။ ခရီးစရိတ်ပိုပြီးတော့ကုန်ကျမယ်“ဟု ၎င်းကပြောသည်။

စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်အစီးရေ တစ်ထောင်ကျော်ခန့်နှင့် သုံးဘီးဆိုင်ကယ်အစီးရေ သုံးရာခန့်ရှိကြောင်း သုံးဘီးဆိုင်ကယ်အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစတင်၍ နှစ်ဘီးဆိုင်ကယ်များကို ဘေးတွဲတပ်ဆင်ကာ ခရီးသည်ပြေးဆွဲနေသည့်ဘေးတွဲဆိုင်ကယ်များကို လိုင်စင်ချထားပေးရန် မောင်းနှင်သူများကလိုလားနေကြသော်လည်း အစိုးရအသိအမှတ်ပြုစက်ရုံမှထုတ်လုပ်ခြင်းမဟုတ်သဖြင့် လိုင်စင်ထုတ်ပေး၍မရကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန(ကညန)မှ သိရသည်။

ရခိုင်ပြည်အတွင်းအလုပ်အကိုင်ရှားပါးသဖြင့် ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်မောင်းနှင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေသူများ တစ်နှစ်ထက်တစ်နှစ် ပိုများလာနေသည်။