- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၅ ဆနီးပါး မြင့်တက်ခဲ့
၂၀၂၂ ခုနှစ်အတွင်း ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ဦးရေ ၂,၃၀၆ ဦး နှင့် သေဆုံးသူ ၅ ဦးအထိရှိခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ရောဂါဖြစ်ပွားမှုနှုန်းထက် ၅ ဆနီပါး မြင့်တက်သွားခဲ့သည်။
19 Jan 2023
သွေးလွန်တုပ်ကွေးရောဂါ တားဆီးကာကွယ်ရေးအတွက် လုပ်ဆောင်နေကြစဉ်။
DMG ၊ ဇန်နဝါရီ ၁၉
ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်းသည် ၂၀၂၁ ခုနှစ်ကထက် ၅ ဆနီးပါး မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဌာန၏ စာရင်းများအရ သိရသည်။ ထိုသို့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု များပြားလာနေသည့်အတွက် ပြည်သူများအနေဖြင့် ဂရုစိုက်နေထိုင်ကြရန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက တိုက်တွန်းပြောဆိုထားကြသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ဖြစ်ပွားစေပြီး လူကြီး/လူငယ်၊ ကျား/မ မရွေးဖြစ်ပွားတတ်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ပြီးခဲ့သည် ၂၀၂၂ ခုနှစ်အတွင်း ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ဦးရေ ၂,၃၀၆ ဦး နှင့် သေဆုံးသူ ၅ ဦးအထိရှိခဲ့ကာ ၂၀၂၁ ခုနှစ်အတွင်း ရောဂါဖြစ်ပွားမှုနှုန်းထက် ၅ ဆနီပါး မြင့်တက်သွားခဲ့ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာက သွေးလွန်တုပ်ကွေး ရောဂါဖြစ်တဲ့သူ နှစ်ထောင်ကျော်တောင် ရှိတယ်။ ဒါကြောင့် ရာသီမရွေး ဂရုစိုက်ဖို့လိုအပ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါက အဓိကတော့ ခြင်ကိုက်တာက ဖြစ်တာပေါ့။ အမြဲသတိရှိနေပြီး ခြင်ကိုက်မခံရအောင်နေဖို့ လိုအပ်တယ်” ဟု ရခိုင်ပြည်နယ် ဒုတိယပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဇော်ဇော်အောင်က ပြောသည်။
ရခိုင်ပြည်တွင် ၂၀၂၁ ခုနှစ်အတွင်းက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၂၁ ဦးနှင့် သေဆုံးသူ ၁ ဦးရှိခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်အများဆုံးမှာ စစ်တွေ၊ မောင်တောနှင့် တောင်ကုတ်မြို့နယ် ဖြစ်ပြီး အသက် ၁ နှစ်မှ ၉ နှစ်အတွင်း ကလေးငယ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ပို၍ ဖြစ်ပွားတတ်ကြောင်း သိရသည်။
ယခုကဲ့သို့ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု များပြားလာခြင်းသည် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိနေ၍ ခြင်များ ပိုမိုပေါက်ဖွားလာခြင်းကြောင့် ဖြစ်သည်ဟု ဆေးပညာအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။
“အဓိကတော့ ခြင်ပေါက်ဖွားမှု များလာတယ်။ ရပ်ကွက်တွေမှာဆိုလည်း စည်းကမ်းမရှိဘူး။ အမှိုက်တွေ ပစ်ချင်သလိုပစ်ကြတော့ နေရာတကာ အမှိုက်ပုံတွေဖြစ်လာတယ်။ ရေမြောင်းတွေ ပိတ်ဆို့မှုဖြစ်လာတယ်။ ပြီးတော့ အိမ်တွေမှာက ရေလှောင်ကန်တွေကိုလည်း သတိတရနဲ့ ဆေးကြောသန့်ရှင်းမှု မလုပ်ကြဘူး။ အဲဒီတော့ ခြင်ပေါက်ဖွားမှုများလာပြီး ကူးစက်မှုများလာရတယ်လို့ပဲ မြင်တယ်” စစ်တွေမြို့မှ အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက ပြောဆိုသည်။
ထို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းလာစေရန် အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်ရန်လိုအပ်ပြီး ရေမြောင်းများကိုလည်း စနစ်တကျပြုလုပ်ကာ ရေမတင်ကျန်ဘဲ စီးဆင်းစေရေးအတွက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆရာဝန်များက တိုက်တွန်းကြသည်။
သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီကာလဖြစ်သည့် မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ် နှင့် စက်တင်ဘာလများတွင် အဖြစ်များသည်။ ကျန်းမာရေးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် အိမ်သုံးရေကန်များ၊ ရေစည်များတွင် ပိုးလောက်လန်း သေစေသောဆေး(abate)များကို သက်ဆိုင်ရာ မြို့နယ်အလိုက် ကျန်းမာရေးအဖွဲ့များမှ လိုက်ခတ်ကြသလို နှစ်စဉ် ဖေဖော်ဝါရီလအတွင်းမှ စတင်ကာ ကျန်းမာရေးအသိပညာပေးမှုများ ပြုလုပ်ကြောင်း သိရသည်။
“မြို့နယ်အလိုက် ကျန်းမာရေးဝန်ထမ်းတွေက လောက်လန်းသေဆေးတွေကို နေအိမ်တွေမှာ လိုက်ခတ်ပေးတာ ရှိပါတယ်။ ပြီးတော့ ခြင်ကျားက ရေကြည်ရေသန့်မှာပေါက်တဲ့ အမျိုးအစားဖြစ်တဲ့အတွက် အိမ်မှာရှိတဲ့ ရေစည်တွေ၊ ရေတိုင်ကီတွေကိုလည်း အထူးဂရုပြုပြီး အဖုံးဖုံးဖို့လည်း လိုအပ်တယ်ပေါ့” ရခိုင်ပြည်နယ် ဒုတိယပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဇော်ဇော်အောင်က ပြောသည်။
ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေး ရောဂါသည် အရှေ့တောင်အာရှနိုင်ငံများတွင် တွေ့ရများသည်။ တုပ်ကွေးနှင့်ပုံစံတူ ရောဂါလက္ခဏာများရှိပြီး ကာကွယ်ဆေးမရှိပေ။ ရောဂါပြင်းထန်ပါက ကိုယ်တွင်းသွေးယိုစီးမှုများ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။
#I005