တောင်ကုတ် ဂူတာရပ်ကွက်တွင် ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ၆ လုံးပျက်စီး

တောင်ကုတ်မြို့နယ် ဂူတာရပ်ကွက်တွင် ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၁ နာရီက ချောင်းကမ်းပါးမြေ ပြိုကျကာ လူနေအိမ် ၆ လုံး ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

03 Oct 2021

DMG ၊ အောက်တိုဘာ ၃  

တောင်ကုတ်မြို့နယ် ဂူတာရပ်ကွက်တွင် ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၁ နာရီက ချောင်းကမ်းပါးမြေ ပြိုကျကာ လူနေအိမ် ၆ လုံး ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြိုကျသွားသောနေအိမ်များမှာ တောင်ကုတ်မြို့ ဂူတာရပ်ကွက် ဦးဥတ္တမလမ်းရှိ နေအိမ် ၆ လုံးဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂ ရက်နေ့ ည ၁၁ နာရီအချိန်က ချောင်းရေတိုက်စားထားခြင်းကြောင့် မြေပြိုကျမှုဖြစ်လာ၍ သက်ဆိုင်ရာများထံ အကြောင်းကြားခဲ့ပြီးနောက် နေအိမ်ရှိ ပစ္စည်းများနှင့် လူများအား နေရာပြောင်းရွှေ့ထားခဲ့ကာ မကြာခင်မှာပဲ ကမ်းပါးပြိုကျပြီး နေအိမ်များ ပျက်စီးသွားခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးကျော်ဝင်းမောင်က ပြောသည်။

"ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိသေးဘူး။ အခု အင်ဂျင်နီယာတွေနဲ့ တွက်ချက်နေကြတယ်။ နေအိမ်ပျက်စီးသွားသူတွေကိုတော့ သူတို့နဲ့ နီးစပ်ရာဆွေးမျိုးအိမ်တွေကို ပို့ဆောင်ထားတယ်။ အခု အများပျက်စီးသွားတဲ့ အိမ်က ၆ လုံးပေါ့" ဟု ပြောသည်။

အဆိုပါ နေအိမ်များမှာ လက်ရှိအချိန်ထိ ပြိုကျနေခြင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ နေအိမ်များလည်း စိုးရိမ်နေရကြောင်း မြို့ခံ ကိုနေလင်းအောင်က ပြောသည်။

"လက်ရှိနေအိမ်တွေက ပြိုကျနေတုန်းပဲ ရှိနေသေးတယ်။ ယင်းအနီးက အိမ်တွေလည်း ပြောင်းရွှေ့နေကြရတယ်။ မိုးရွာလို့ဖြစ်တာမဟုတ်ဘူး။ အရင်ကတည်းက ရေတိုက်စားခံထားရလို့ အခုမှ ပြိုကျတာဖြစ်တယ်" ဟု ပြောသည်။

ဂူတာရပ်ကွက် ချောင်းနံဘေးတွင် အိမ်ခြေ ၂၃ အိမ်ခန့် ရှိပြီး ချောင်းကမ်းဘေးကို အစိုးရအနေဖြင့် ကမ်းထိန်းနံရံပြုလုပ်ပေးထားသည်မှာ ၈ နှစ်ခန့်ကြာမြင့်နေပြီဖြစ်၍ ကမ်းထိန်းနံရံမှာ ရေတိုက်စားခြင်းကို ခံနိုင်ဝန်နည်းနေပြီဖြစ်ကြောင်း ဂူတာရပ်ကွက်ဒေသခံများက ဆိုသည်။