- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျိုက်မရော ချောင်းနှစ်ခွ ရဲစခန်းနှင့် တံတားဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီက အနီးနားသို့ လေကြောင်းဖြင့် တိုက်ခိုက်နေ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ နယ်မြေရဲစခန်းနှင့် တံတားစစ်ဆေးရေးဂိတ်ကို ယနေ့(နိုဝင်ဘာလ ၁၂ ရက်) နံနက် ၅ နာရီခွဲအချိန်က ကေအန်ယူတပ်မဟာ(၆) KNLA ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
12 Nov 2022
ကျိုက်မရော ချောင်းနှစ်ခွကျေးရွာကို ယနေ့နံနက်ပိုင်းက မြင်ရစဉ်။ ဓာတ်ပုံ - CJ
DMG ၊ နိုဝင်ဘာ ၁၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ နယ်မြေရဲစခန်းနှင့် တံတားစစ်ဆေးရေးဂိတ်ကို ယနေ့(နိုဝင်ဘာလ ၁၂ ရက်) နံနက် ၅ နာရီခွဲအချိန်က ကေအန်ယူတပ်မဟာ(၆) KNLA ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းကို ကေအန်ယူတပ်မဟာ(၆) KNLA ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ပစ်ခတ်သဖြင့် တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကေအန်ယူတပ်မဟာ(၆) သတင်းရင်းမြစ်က အတည်ပြုပြောသည်။
“ရဲစခန်း အသိမ်းခံရတာမှန်ပါတယ်။ KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ရင်းနဲ့ တစ်နာရီနီးပါးလောက် တိုက်ပွဲဖြစ်သွားတယ်”ဟု ၄င်းကပြောသည်။
ထို့အပြင် ကျိုက်မရောမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ ချိတ်ဆက်ထားသည့် ချောင်းနှစ်ခွတံတားရှိ စစ်ဆေးဂိတ်ကိုလည်း KNLA ပူးပေါင်းအဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုအတွင်း ရဲ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကာ လေးဦးဖမ်းဆီးရမိခဲ့ကြောင်းလည်း အဆိုပါသတင်းရင်းမြစ်ထံမှ သိရသည်။
ယင်းသို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် နံနက် ၁၀ နာရီခွဲအချိန်အထိ စစ်ကောင်စီက ရဟတ်ယာဉ်နှင့် ဂျက်တိုက်လေယာဉ်များ အသုံးပြုကာ ချောင်းနှစ်ခွကျေးရွာအနီးအနားသို့ ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံထောင်ချီ ပိတ်မိနေကြောင်း ကျိုက်မရောမြို့ခံတစ်ဦးကဆိုသည်။
“ချောင်းနှစ်ခွမှာ တိုက်ပွဲဖြစ်နေတာ သိရတယ်။ အခုအထိ အဲဒီဘက်ကို စစ်တပ်က ရဟတ်ယာဉ်ကရော လေယာဉ်နဲ့ပါ ဗုံးကြဲနေတယ်။ ရွာကို လှမ်းဆက်သွယ်တော့ တစ်ယောက်မှထွက်မရဘူး ဖြစ်နေတယ်”ဟု အဆိုပါမြို့ခံတစ်ဦးက ဆိုသည်။
ကျိုက်မရောမြို့ ချောင်းနှစ်ခွ နယ်မြေရဲစခန်းနှင့် တံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုနှင့် ပက်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် မတ်လ၊ ဧပြီလနှင့် ဇွန်လတို့၌ ချောင်းနှစ်ခွတံတား စစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှုကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိခဲ့သည်။