မြန်မာစစ်တပ် တပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးထားကြောင်း AA ပြော

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့မှ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်အချို့ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားပြီး ၎င်းတို့ တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်က ဖမ်းဆီးထားသည့်အတွက် အပြန်အလှန် ဖမ်းဆီးရခြင်းဖြစ် ကြောင်း AA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခိုင်သုခ က DMG ကို အတည်ပြုပြောဆိုသည်။

20 Jun 2022

DMG ၊ ဇွန် ၂၀

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့မှ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်အချို့ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားပြီး ၎င်းတို့ တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်က ဖမ်းဆီးထားသည့်အတွက် အပြန်အလှန် ဖမ်းဆီးရခြင်းဖြစ် ကြောင်း AA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခိုင်သုခ က DMG ကို အတည်ပြုပြောဆိုသည်။

“ဒီရက်ပိုင်းမှာ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တချို့ကို ကျနော်တို့ဖမ်းဆီး ထိန်းသိမ်းထားတယ်ဆိုတာ မှန်ပါတယ်။ ကျနော်တို့ရဲ့တပ်ဖွဲ့ဝင်တွေကို မြန်မာစစ်တပ်ဖက်ကဖမ်းဆီးတဲ့ အတွက်ကျနော်တို့ဖက်ကလဲအလားတူ လုပ်ဆောင်ရတာဖြစ်ပါတယ် ” ဟု ဦးခိုင်သုခကပြောသည်။

ဆက်လက်ပြီး ဦးခိုင်သုခက “ မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေး ရင်တော့ ကျနော်တို့ ထိန်းသိမ်းထားတဲ့သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို လဲပြန်လွှတ်ပေးမှာဖြစ်ပါတယ် ” ဟု ၎င်းက ဆိုသည်။

သို့သော် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့် နေရာနှင့် ဖမ်းဆီးထားသည့် အရေ အတွက်အသေး စိတ်အား ဦးခိုင်သုခက ရှင်းပြခြင်းမရှိပေ။

ထိုသို့ ဇွန်လ ၁၆ ရက်နေ့က မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တဦးကို ပုဏ္ဏားကျွန်းမြို့တွင် AA  က ဖမ်းဆီးခဲ့မှုကြောင့် စစ်တပ်ဘက်ကလည်း လိုက်လံ ရှာဖွေမှုတွင် DMG က စာရင်းပြုစုချက်အရ မြို့ခံ ၅ ဦးထက်မနည်း ဖမ်းဆီးခံ ထားကြောင်းလည်း သိရသည်။

သို့သေ်လည်း စစ်တပ်က ဖမ်းဆီးထားသည့် ပုဏ္ဏားကျွန်းမြို့ခံများများမှာ AA တပ်ဖွဲ့ဝင်များမဟုတ်ဘဲ အပြစ်မရှိသည့် ပြည်သူ့များသာဖြစ်ပြီး ယင်းလုပ်ရပ်မှာ လူ့အခွင့်အရေးချိုး ဖောက်နေခြင်းဖြစ်ကြောင်း ဦးခိုင်သုခ က ပြောသည်။

“ပုဏ္ဏားကျွန်းမြို့က အပြစ်မဲ့ ပြည်သူတွေကို မြန်မာစစ်တပ်ဖက်က မတရား ဖမ်းဆီး တယ်ဆိုတာကတော့ ဒါဟာလူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သလို ဒေသခံ ပြည်သူတွေကိုခြိမ်း ခြောက်တာလဲဖြစ်ပါတယ်” ဟု ပြောသည်။

ထိုကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ၏ သဘောထားကို သိလိုသည့်အတွက် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်း အား DMG က ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

လက်ရှိ ရခိုင်ဒေသအတွင်း စစ်ကောင်စီနှင့် AA တို့ အပြန်အလှန်ဖမ်းဆီးနေသည့် အနေအထားမှာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖြေရှင်းကိစ္စသာဖြစ်ပြီး ယခုကဲ့သို့ ပြည်သူများကို ဖမ်းဆီးနေခြင်းမှာ ကြွက်မနိုင်လို့ ကျီကိုမီးရှို့နေသည့် သဘောဆောင်နေကြောင်း ဝါရင့် ရခိုင့် နိုင်ငံရေးသမားဖြစ်သူ ဦးဖေသန်း က ဝေဖန်သည်။

“စစ်ကောင်စီ အခုလုပ်တာမျိုးကတာ့ ကြွက်မနိုင်ကျီကိုမီးရှို့ဆိုလိုဖြစ်နေတယ်။ UlA/ AA က လုပ်တဲ့ဟာကို AA ကို နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ တိုက်ခိုက်တာမျိုး မလုပ်ဘဲ။ ပြည်သူတွေကို ဖမ်းဆီးလာ တာတွေဟာ ပြည်သူတွေကို မလုံမခြုံဖြစ်အောင်လုပ်တာ ဖြစ်နေတယ်။ ဆိုတော့ နှစ်ဖက် ဖြေရှင်းဖို့ ကိစ္စမှာ ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်တယ်ဆိုတာကတော့ အစိုးရကောင်း တစ်ရပ်ရဲ့ လုပ်ရပ်မျိုး တော့မဟုတ်ဘူး ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နေပြည်သူတို့မှာ မြန်မာစစ်တပ်က စစ်ဆေးမူများရှိနေသည့်အတွက် စိုးရိမ်ကြောက်လန့်စိတ်များစွာရှိနေကြပြီး လမ်းသွား၊ လမ်းလာ တိတ်ဆိတ်ကာ အိမ် အပြင်ကို မထွက်ရဲလောက် အောင်ဖြစ်နေကြောင်း ပုဏ္ဏားကျွန်းမြို့ခံများက ပြောသည်။

“လမ်းသွား၊ လမ်းလာတွေကို အကုန်လုံးစစ်ဆေးတယ်၊ လူတွေအပြင်မထွက်ရဲကြဘူး။ ဘယ်ဟာတွေ စစ်တယ်ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ တစ်မြို့လုံးတိတ်ဆိတ်နေတယ်။ အပြင်ကို ဘယ်သူမှ မထွက်ရဲကြဘူး ” ဟု မြို့ခံ တဦးက ပြောသည်။

DMG မှ စာရင်းပြုစုချက်အရ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့တွင်ရက္ခိုင့်တပ်တော် AA မှဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးနှင့် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာတွင် ရဲတပ်ဖွဲ့ဝင် တဦး စုစုပေါင်း ၄ ဦးအထိ ရှိလာနေပြီးလည်းဖြစ်သည်။