မောင်တောတွင် မွတ်ဆလင်အများအပြား သေဆုံးမှုကိစ္စ AA စုံစမ်းနေ

ဩဂုတ်လ ၅ ရက်နေ့က မောင်တောမြို့ထဲမှ ထွက်ပြေးလာသော မွတ်ဆလင်များမှာ စက်လှေများဖြင့် နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးနေစဉ် AA တပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့၍ လူရာနှင့်ချီ သေဆုံးသွားသည်ဟု ပြောဆိုနေကြသည်။

By Admin 08 Aug 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ကနာကမ်းခြေတစ်နေရာတွင် တွေ့ရသည့် မွတ်ဆလင် ရုပ်အလောင်းများ။ (ဓာတ်ပုံ - AFP) 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ကနာကမ်းခြေတစ်နေရာတွင် တွေ့ရသည့် မွတ်ဆလင် ရုပ်အလောင်းများ။ (ဓာတ်ပုံ - AFP) 

DMG ၊ ဩဂုတ် ၈

တိုက်ပွဲပြင်းထန်သော ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် မွတ်ဆလင်အများအပြား သေဆုံးနေသည့် ဗီဒီယိုဖိုင်များ လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေပြီး အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့်ဟု စွပ်စွဲမှုများရှိနေသည်။ 

ဩဂုတ်လ ၅ ရက်နေ့က မောင်တောမြို့ထဲမှ ထွက်ပြေးလာသော မွတ်ဆလင်များမှာ စက်လှေများဖြင့် နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးနေစဉ် AA တပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့၍ လူရာနှင့်ချီ သေဆုံးသွားသည်ဟု ပြောဆိုကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ AA ၏ ဩဂုတ်လ ၇ ရက် ထုတ်ပြန်ချက်တွင် “ဤသေဆုံးမှုမှာ မိမိတို့ထိန်းချုပ်ထားသော နယ်မြေများ၌ ဖြစ်ပျက်ခဲ့ခြင်း လုံးဝမရှိသည့်အပြင် မိမိတို့အဖွဲ့အစည်းနှင့်လည်း မည်သို့မျှ မသက်ဆိုင်ကြောင်း” ဆိုသည်။ 

ပျံ့နှံ့နေသော ဗီဒီယိုဖိုင်များအရ မွတ်ဆလင်များသည် လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်ခြင်း (သို့မဟုတ်) ဗုံးထိမှန်ခြင်း (သို့မဟုတ်) ရေနစ်သေဆုံးခြင်း (သို့မဟုတ်) လေကြောင်းတိုက်ခိုက်ခံရခြင်း (သို့မဟုတ်) ကြီးမားသော ပေါက်ကွဲမှုတစ်ခုခု ဖြစ်ခြင်းကြောင့် သေဆုံးနေခြင်းဖြစ်သည်ဟု AA က ယူဆသည်။ 

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ များစွာ စိတ်မကောင်းဖြစ်မိပြီး၊ အသေးစိတ်အချက်အလက်များကို စုံစမ်းနေကာ ဖြစ်စဉ်၊ ဖြစ်ရပ်မှန်များကို သိရှိရပါက အမြန်ဆုံးထုတ်ပြန်ပေးသွားမည်ဟု AA က ဆိုသည်။ 

မောင်တောမြိုခံတစ်ဦးက “ဘယ်လောက်သေတယ်၊ ဘယ်လောက်ဒဏ်ရာရတယ်ဆိုတာ အတိအကျမသိရဘူး။ တိုက်ပွဲပြင်းနေတာဆိုတော့ ဘယ်အဖွဲ့ပစ်တာလဲဆိုတာ အတိအကျမပြောနိုင်ဘူး။ အဲဒီနေ့က စစ်ကောင်စီက ခြံစည်းရိုးအနီးကို လေယာဉ်နဲ့ ၇ ကြိမ်လောက် လာပစ်တာရှိတယ်” ဟု ပြောသည်။

AA အနေဖြင့် တပ်ဖွဲ့ဝင်များလိုက်နာရမည့် စစ်စည်းကမ်း၊ ကျင့်ဝတ်၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ဉပဒေများကို အခြေခံစစ်သင်တန်းကပင် ရှင်းလင်းပြတ်သားစွာ ပို့ချညွှန်ကြားထားကြောင်း ထုတ်ပြန်ထားသည်။ 

မွတ်ဆလင်များသေဆုံးရခြင်းမှာ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့်ဟု မောင်တောမြို့ခံတချို့က ပြောဆိုကြပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်နေဆဲ ဖြစ်သည်။ 

မောင်တောဒေသတွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း နခခ(၅)မြို့သူကြီးကို AA က ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေပြီး ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူ စသည့် ဒေသခံထောင်နှင့်ချီမှာ မြို့အတွင်း၌ ပိတ်မိနေကြသည်။ 

မြို့တွင်းပိတ်မိနေသူ မွတ်ဆလင်တစ်ဦးက “တိုက်ပွဲက ဒီလောက်ပြင်းထန်မယ်ဆိုတာ မသိဘူး။ နောက်ပြီးတော့ ထွက်ပြေးဖို့နေရာ မရှိတဲ့အတွက် မြို့ထဲမှာပိတ်မိနေတာ။ အခုက မြို့တွင်းတိုက်ပွဲဖြစ်လာလို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြတာ” ဟု ပြောသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်း မြန်မာဘက်မှ ထွက်ပြေးလာသော မွတ်ဆလင်များမှာ နတ်မြစ်အတွင်း စစ်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ ၃၁ ဦးရှိလာပြီဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ကမ်းခြေတလျှောက်၌ အလောင်းများ လာတင်နေသည်ကို တွေ့ရကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာနများက ဖော်ပြကြသည်။ 

မောင်တောဒေသတွင် ARSA၊ ARA၊ ARO မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီအပေါင်းအပါ မွတ်ဆလင်များသည် အရပ်သားများအား ပြန်ပေးဆွဲ၊ လူသတ်၊ ခိုးဆိုး၊ လုယက် စသည့် အကြမ်းဖက်မှုမျိုးစုံကို ဆက်တိုက်ကျူးလွန်နေပြီး၊ ထိုသို့ကျူးလွန်ရန်အတွက်လည်း စစ်ကောင်စီက အားပေးအားမြှောက်ပြုထားကြောင်း AA က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ 

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့မှာ ARSA၊ RSO အဖွဲ့က နေရာတချို့မှာ လှုပ်ရှားမှုတွေရှိနေတယ်။ ဆိုတော့ မောင်တောတိုက်ပွဲဟာ ရှုပ်ထွေးတယ်။ အရပ်သားတွ‌ေသေဆုံးရင် ဟိုအဖွဲ့၊ ဒီအဖွဲ့ အပြန်အလှန်စွပ်စွဲနေကြတာ။ မြေပြင်မှာ ဘယ်သူလုပ်တာလဲ တကယ့်စုံစမ်းရမယ့်ကိစ္စဖြစ်တယ်” ဟု ပြောသည်။

မောင်တောမြိုကို အာရက္ခတပ်တော်က ဇွန်လ ၁၆ ရက်မှစ၍ တရားဝင်ကြေညာပြီး ထိုးစစ်ဆင်နေသည်မှာ နှစ်လနီးပါး ကြာမြင့်လာပြီး တိုက်ပွဲပြင်းထန်မှုနှင့်အတူ အရပ်သားသေဆုံးဒဏ်ရာရရှိမှု နေစဉ်နှင့်အမျှ ရှိနေသည်။ AA ထုတ်ပြန်ချက်အရ မောင်တောမြို့တွင် နခခ(၅) နှင့်အတူ မြို့တွင်းစခန်းများ ကျန်ရှိနေသေးကြောင်း သိရသည်။