ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှုကို စစ်ခေါင်းဆောင်က တရုတ်နှင့်ဆွေးနွေး

လာမည့်နှစ် ၂၀၂၅ တွင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ဇွန်လအတွင်းက ထုတ်ပြောထားပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ၎င်းတို့ ထိန်းချုပ်နေရာများတွင် ပြင်ဆင်နေသည်။

By Admin 05 Jul 2024

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်သံအမတ်ကြီး ဇူလိုင် ၄ ရက်နေ့က တွေ့ဆုံစဉ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်သံအမတ်ကြီး ဇူလိုင် ၄ ရက်နေ့က တွေ့ဆုံစဉ်။

DMG ၊ ဇူလိုင် ၅

မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့်ပတ်သတ်၍ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်သံအမတ်ကြီးနှင့် နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ခေါင်းဆောင်သည် တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲကိစ္စအပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

“တရုတ်သံအမတ်ကြီးရဲ့ တာဝန်ပြီးဆုံးလို့ ပြန်တော့မယ့်အချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ရင်းရင်းနှီးနှီး ပွင်းပွင်းလင်းလင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့” ဟု ထုတ်ပြန်ချက်က ဆိုသည်။

လာမည့်နှစ် ၂၀၂၅ တွင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ဇွန်လအတွင်းက ထုတ်ပြောထားပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ၎င်းတို့ ထိန်းချုပ်နေရာများတွင် ပြင်ဆင်နေသည်။

သို့သော်လည်း လက်ရှိ နိုင်ငံအနှံ့တွင် စစ်ရေးပြင်းထန်နေသဖြင့် စစ်ခေါင်းဆောင်၏ ရွေးကောက်ပွဲ အိပ်မက်မှာ မအောင်မြင်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပမည် ကိစ္စနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ယုံကြည်မှုမရှိသည့်အပြင် ကျင်းပရန်မဖြစ်နိုင်ဟု နိုင်ငံရေးသမားများက သုံးသပ်ကြသည်။

နိုင်ငံရေးသမားတစ်ဦးက “စစ်ကောင်စီကတော့ ရွေးကောက်ပွဲကျင်းပမယ်သာ ပြောနေတာ၊ မြေပြင်အခြေအနေမှာက နေပြည်တော်တစ်ခုလောက်ပဲ ကျင်းပနိုင်မှာ။ မဲထည့်မယ့် သူတွေကလည်း စစ်တပ်အသိုင်းအဝိုင်းလောက်ပဲ ရှိမှာ။ တိုင်းရင်းသားဒေသတွေမှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံတကာ၏ ဘေးဖယ်ထားခြင်းကိုခံနေရချိန်တွင် ရွေးကောက်ပွဲကို ဟန်ပြလုပ်၍ နိုင်ငံတကာ ဖိအားလျော့ချရန် ကြိုးစားနေခြင်းသာဖြစ်ကြောင်း  နိုင်ငံရေးသမားများက ဆိုကြသည်။

ဇွန်လ ၂၇ ရက်နေ့က သမ္မတဟောင်း ဦးသိန်းစိန်သည် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်ကြေညာခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် ခေါင်းစဉ်အောက်တွင် တရုတ်သို့ဖိတ်ခေါ်ခြင်းခံရ၍ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ဗီဒီယိုများ