- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေမြို့ အာကျိတ်တော်ကုန်းအနီးနေထိုင်သူများ အမှိုက်ပုံမှထွက်ရှိသည့် မီးခိုငွေ့များကို ရှူရှိုက်နေရ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အာကျိတ်တော်ကုန်းအနီးတစ်ဝိုက် နေထိုင်သူများအနေဖြင့် ယင်းတွင်ရှိသော အမှိုက်ပုံမှထွက်ရှိလာသည့် မီးခိုးငွေ့များကို နေ့စဉ်နဲ့အမျှ ရှူရှိုက်နေကြရကြောင်း နေထိုင်သူများထံမှ သိရသည်။
23 Dec 2020
သီဟ | DMG
ဒီဇင်ဘာ ၂၃ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အာကျိတ်တော်ကုန်းအနီးတစ်ဝိုက် နေထိုင်သူများအနေဖြင့် ယင်းတွင်ရှိသော အမှိုက်ပုံမှထွက်ရှိလာသည့် မီးခိုးငွေ့များကို နေ့စဉ်နဲ့အမျှ ရှူရှိုက်နေကြရကြောင်း နေထိုင်သူများထံမှ သိရသည်။
စစ်တွေတစ်မြို့လုံးမှ ထွက်ရှိသည့် အမှိုက်များကို အာကျိတ်တော်ကုန်းရှိ အမှိုက်ကျင်းတွင် စွန့်ပစ်ခြင်းဖြစ်ပြီး အမှိုက်ပုံအနီးမှ စက်ရုံစုရပ်ကွက်(၁)ကယ်ဆယ်ရေးစခန်းတွင် နေထိုင်နေသည့် ဒေါ်ဝင်းစိန်က စခန်းကို ရောက်ကတည်းကပင် မီးခိုးငွေ့များ ရှူရှိုက်နေရခြင်းဖြစ်ကြောင်း ဆိုသည်။
“ဒီလိုအချိန်တွေရောက်ရင် ကလေးတွေလည်းချောင်းဆိုးတယ်။ ကျွန်မတို့တွေလည်းမွန်းကြပ်တယ်။ တစ်ညလုံး နေလို့မရဘူး။ နေမရထိုင်မရနဲ့ လေရှူလို့လည်းမဝဘူး။ ဒီမှာလာနေကတည်းကဖြစ်တာ။ အရင် ဓညဝတီဘက်မှာနေတုန်းက အခုလိုမဖြစ်ဘူး။ အဲဒီမှာတုန်းက ချောင်းဆိုးရင်လည်း ဆေးလေးဘာလေး သောက်ရင် ကောင်းသွားတယ်။ ဒီကိုရောက်ပြီးကတည်းက ဆေးရုံတက်ရတာ ငါးခေါက်ရှိပြီ။ အဲဒီအနံ့ကို လုံးဝမခံနိုင်ဘူး”ဟု သူကပြောသည်။
ယခုကဲ့သို့ အမှိုက်မီးခိုးငွေ့များကို ရှူရှိုက်နေရသည့်အတွက် ဆေးရုံဆေးခန်းများသို့ သွားရောက်ပြသနေရကြ ရသူများရှိကြောင်း စက်ရုံစုရပ်ကွက်(၁) ကယ်ဆယ်ရေးစခန်း၏ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဉီးမောင်ဇံက ဆိုသည်။
“တစ်ရက်ချင်းတိုက်တာမဟုတ်ဘူး။ နှစ်ရက်သုံးရက်ကျရင် တစ်ကြိမ်စီလာတိုက်တယ်။ပြီးရင် သုံးလေးငါးရက် မီးလောင်နေရော။ အဲဒီအချိန်ကျရင် ကျနော်တို့အသက်ရှူရင် မခံနိုင်ဘူး။ ဆေးခန်းသွားတဲ့သူသွား၊ ရွာက ဆေးမှူးနဲ့ကုတဲ့သူ ကုရတယ်၊ ကလေးတွေဆိုရင် ပိုဆိုးပါတယ်။ ကလေးတွေကို မိဘတွေအမြဲကြည့်နေနိုင်မှ၊ ကျနော်တို့ရပ်ကွက်က ဒီအမှိုက်ပုံနဲ့ပတ်သက်ပြီး အများကြီးခံစားရပါတယ်”ဟု သူကရှင်းပြသည်။
အဆိုပါအမှိုက်ပုံအနီးရှိသည့် ဘုန်းတော်ကြီးကျောင်းများတွင် တိုက်ပွဲကြောင့်နေရပ်စွန့်ခွာလာကြသည့် စစ်ဘေးရှောင်အချို့ခိုလှုံနေထိုင်လျက်ရှိပြီး အမှိုက်ပုံကထွက်ရှိသော မီးခိုးငွေ့ဒဏ်ကို စစ်ဘေးရှောင်များကလည်း ခံစားနေကြရကြောင်းဆိုသည်။
“အဲဒီကအနံ့တွေနံရင် ကျွန်တော်တို့အသက်ကြီးတဲ့သူတွေ ဝမ်းမကောင်းဖြစ်တယ်။ အသက်ရှူလို့လည်း မရဘူး။ ဆေးရုံကနေ ဒီကိုဆေးလာထိုးပေးတဲ့လူတွေ ဆေးထိုးပေးမှ နည်းနည်းသက်သာတယ်။ ကျွန်တော်တို့က အသက်ကြီးပိုင်းဖြစ်တော့ တော်တော်ရောဂါများပါတယ်။ ချောင်းဆိုးတယ်၊ ရင်ကြပ်တယ်၊ ဒူးတွေလည်းနာတယ်၊ မျက်စိလည်းမကောင်းဖြစ်တယ်။အဲ့ဒီတော့ ဟိုကလာတဲ့အနံ့နဲ့ ဒီကဖြစ်နေတာတွေနဲ့ဆိုရင် တကယ့်ကို မလွယ်တာပါ” ဟု တေဇာရာမပဋ္ဌာန်းကျောင်းတိုက်တွင် ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးစိန်နုမောင်ကပြောသည်။
ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသော စစ်ဘေးရှောင်များထဲ၌ သက်ကြီးရွယ်အို၊ ကလေးသူငယ်များနှင့် နာမကျန်းသူများ ပါဝင်သည့်အတွက် ထိုသူများ၏ ကျန်းမာရေးထိခိုက်လာမည်ကို စစ်ဘေးရှောင်များက စိုးရိမ်နေကြသည်။
စစ်တွေမြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် အမှိုက်ကျင်းကို စက်ကြီးများအသုံးပြုကာ စနစ်တကျ ထိန်းသိမ်းမှုများ လုပ်ဆောင်နေပြီး မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လေ့မရှိကြောင်း စစ်တွေမြို့နယ် စည်ပင်သာရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးက ဆိုသည်။
“ကျွန်တော်တို့ကတော့ မီးမရှို့ပါဘူး။ တစ်ခါတစ်လေ ရာသီဥတုကြောင့် အပူလွန်ပြီး အမှိုက်တွေ မီးလောင်တာရှိတယ်။ နောက်ပြီး အဲဒီအနားမှာ အမှိုက်ကောက်ခဲ့တဲ့သူတွေ မီးရှို့တာကြောင့် မီးလောင်တာရှိတယ်။ ကျွန်တော်တို့လည်း စနစ်တကျ ထိမ်းသိမ်းဖို့တော့ လုပ်နေပါတယ်”ဟု သူကဆိုသည်။
ထိုအမှိုက်ကျင်းထဲတွင် စွန့်ပစ်ပစ္စည်းများကောက်ယူကာ ဝမ်းစာရှာဖွေနေသူအချို့လည်းရှိနေပြီး ထိုသူတို့၏ ပြောဆိုချက်အရ အမှိုက်ကျင်းကို စည်ပင်မှမီးလာရှို့ခြင်းများ ရှိသကဲ့သို့ တစ်ခါတစ်ရံ မိမိတို့ကလည်း မီးရှို့ခြင်းများ ရှိကြောင်း စွန့်ပစ်ပစ္စည်း ကောက်သူများကဆိုသည်။
အမှိုက်မီးရှို့တဲ့နေရာတွင် စနစ်တကျမီးရှို့ခြင်းများ လုပ်သင့်ပြီး အမှိုက်မီးရှို့ရာမှတစ်ဆင့် ထွက်လာသည့် မီးခိုးငွေ့များကိုရှူမိပါက ခေါင်းကိုက်ခြင်း ၊ အသက်ရှူလမ်းကြောင်း၌ အနာဖြစ်စေခြင်းတို့အပြင် ကင်ဆာ ရောဂါအထိဖြစ်စေနိုင်ကြောင်း သန့်မြန်မာအဖွဲ့၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မေသက်ထွေးကပြောသည်။
“ပလတ်စတစ်အမှိုက်တွေကို မီးရှို့တဲ့အခါ အပူချိန် 800 ံC အထက်မှာဆိုမှ အဲကထွက်တဲ့ အငွေ့ရဲ့ ဆိုးကျိုးပမာဏက လျှော့သွားတယ်။ မြေပေါ်မှာပဲ ပုံပြီးမီးရှို့တာဆိုရင်တော့ ဒိုင်အောက်ဆီတွေ ထွက်တယ်။ အဲအထဲမှာ သစ်ရွက်စိမ်းတွေပါရင်တော့ အဲဒါက ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်ကို ပိုများစေနိုင်ပါတယ်။ မီးရှို့ခါစမှာတော့ အဲဒီအငွေ့ကို ရှူတဲ့လူတွေအနေနဲ့ ခေါင်းကိုက်တာတွေ၊ အသက်ရှူလမ်းကြောင်းမှာ အနာဖြစ်တာတွေ ဖြစ်နိုင်ပါတယ်”ဟု သူကဆိုသည်။
DMG သတင်းဌာနမှ စစ်တွေမြို့၊ အာကျိတ်တော်ကုန်းတွင်ရှိသည့် အမှိုက်ကျင်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့သည့်အခါ ပုံထားသောအမှိုက်များ မီးလောင်နေသည်ကို တွေ့ရှိခဲ့ရသကဲ့သို့ မီးခိုးငွေ့များ တထောင်းထောင်းထွက်ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်။
အခုကဲ့သို့ အမှိုက်များကို မီးရှို့ခြင်းများရှိနေမည်ဆိုပါက အနီးအနားတွင် နေထိုင်သူများမှာ မီးခိုးငွေ့များကို ဆက်လက်ရှူရှိုက်နေရဦးမှာပဲဖြစ်သည်။