AA နှင့်ဆက်စပ်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့် အိုင်ဒင်ကျေးရွာသားနှစ်ဦး ချုပ်ရက်စေ့၍ လွတ်မြောက်လာ

အိုင်ဒင်ကျေးရွာမှ ကိုမောင်စောအေးမှာ ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ကိုနေလင်းဌေးတို့ကို ဇန်နဝါရီလ ၂၃ ရက်နေ့တို့တွင် ချုပ်ရက်စေ့၍ စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

By Admin 23 Jan 2023

AA နှင့်ဆက်စပ်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့် အိုင်ဒင်ကျေးရွာသားနှစ်ဦး ချုပ်ရက်စေ့၍ လွတ်မြောက်လာ

စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာမည့်သူများကို မိသားစုဝင်များက စောင့်မျှော်နေစဉ်။

DMG ၊ ဇန်နဝါရီလ ၂၃

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ဒေသခံနှစ်ဦးမှာ လက်ရှိတွင် ချုပ်ရက်စေ့၍ လွတ်မြောက်လာကြောင်း မိသားစုဝင်များထံမှသိရသည်။

အိုင်ဒင်ကျေးရွာမှ ကိုမောင်စောအေးမှာ ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ကိုနေလင်းဌေးတို့ကို ဇန်နဝါရီလ ၂၃ ရက်နေ့တို့တွင် ချုပ်ရက်စေ့၍ စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ကိုမောင်စောအေး၏ မိခင် ဒေါ်အောင်သန်းနုက “ဘာပဲဖြစ်ဖြစ် အိမ်ကိုပြန်ရောက်လာလို့ ဝမ်းသာပါတယ်။ ဖြစ်ခဲ့တာတွေကို ပြန်ပြီး မပြောပြနေချင်တော့ပါ”ဟု ပြောသည်။

၎င်းတို့နှစ်ဉီးမှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၅ ရက်နေ့က စစ်တွေမြို့မှ အိုင်ဒင်ကျေးရွာသို့ နှစ်ဘီးဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်တွေမြို့၊ အမှတ်(၉၀၈) စစ်တွေ မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ ဗိုလ်ကြီး အောင်ဖြိုးမြင့်က တရားလိုပြုလုပ်ကာ ၎င်းတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀ (ည)၊ ၅၂(က)တို့နှင့် တရားစွဲဆိုခဲ့သည်။

အဆိုပါပုဒ်မနှစ်ခုအနက် ၅၀(ည)နှင့် ငြိစွမ်းမှုမရှိခဲ့သော်လည်း ပုဒ်မ- ၅၂(က)ဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ နှစ်ဦးလုံးကို ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့သည်။

ကိုနေလင်းဌေး၏ မိသားစုဝင်တစ်ဦးက “ကျမတို့က ဘာမှ မပြောချင်တော့ပါဘူး။ ဝဋ်ကြွေးပါလို့ခံခဲ့ရတယ်၊ နေ့ရက်စေ့ပြီ ဖြစ်တဲ့အတွက် ပြန်လွတ်လာတယ်လို့ မှတ်ယူလိုက်ပြီ။ ကျမတို့က အားလုံးကို ပြန်လွှတ်ပေးစေချင်ပါတယ်။ မိသားစုဝင်တွေနဲ့ နွေးနွေးထွေးထွေး နေစေချင်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့သည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခမှာ နှစ်နှစ်ကျော်ကြာ ပြင်းထန်ခဲ့ပြီး ထိုတိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့် တရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိရှိခဲ့ကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းအရသိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်အပါအဝင် ဒေသခံ ၅ ဦးတို့မှာလည်း ယခုလအတွင်း ချုပ်ရပ်စေ့တော့မည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကိုညီညီအောင်၏ မိခင် ဒေါ်နီနီအေးက “သတင်းအတိကျတော့ မဟုတ်သေးဘူး။ ဒီလိုပဲ ကြားနေရတာပါ။ အမိန့်ချလိုက်တုန်းကတော့ ချုပ်ရက်လျော့ပေးမယ်လို့ ပါတယ်။ အဲဒါဆိုရင် ဒီလအတွင်း ချုပ်ရက်စေ့ပါတယ်။ အမြန်ဆုံး ပြန်လွတ်လာစေချင်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်အတွင်း ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်းမှစတင်၍ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် နှစ်ဖက်နားလည်မှုနှင့် တိုက်ပွဲရပ်တန့်နေသည်မှာ ၂ လနီးပါး ကြာမြင့်လာပြီဖြစ်သည်။

DMG က ကောက်ယူထားသောစာရင်းအရ တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူ အရေအတွက်မှာ လေးလအတွင်း ၅၀ ခန့်အထိရှိခဲ့သည်။

#R010 #I002

ဗီဒီယိုများ