တောင်ယာလုပ်ကိုင်သူများ မြေသြဇာဝယ်သုံးရန် အခက်အခဲဖြစ်နေ

ဒေါ်လာဈေးမငြိမ်သက်မှုများကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာနေသည့်အတွက် တောင်ယာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ရခိုင်ပြည်နယ်၊ လေးမြို့ချောင်းဒေသခံများမှာ မြေသြဇာဝယ်ယူမသုံးစွဲနိုင်တော့ကြောင်း သိရသည်။

11 Oct 2021

DMG ၊ အောက်တိုဘာ ၁၂

ဒေါ်လာဈေးမငြိမ်သက်မှုများကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာနေသည့်အတွက် တောင်ယာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ရခိုင်ပြည်နယ်၊ လေးမြို့ချောင်းဒေသခံများမှာ မြေသြဇာဝယ်ယူမသုံးစွဲနိုင်တော့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များက သီးနှံခင်းများ၌သုံးသည့် ပုလဲ(အဖြူ၊အမဲ)နှင့် စူပါအမျိုးအစား ဓာတ်မြေသြဇာတစ်အိတ်လျှင် ဈေးနှုန်း(၄)သောင်းကျပ်သာရှိခဲ့ပြီး ယခုနှစ်တွင် ကုန်ဈေးနှုန်းများမြင့်တက်နေမှုကြောင့် ယင်းဓာတ်မြေသြဇာအမျိုးအစားတစ်အိတ်ကို (၅)သောင်းမှ (၆)သောင်းဝန်းကျင်အထိ ဈေးမြင့်တက်လျှက်ရှိသည်ဟု သီးနှံစိုက်ပျိုးနေသူများကပြောသည်။

ကုန်းချောင်းကျေးရွာမှ တောင်ယာလုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် ဦးဘချစ်က “ကုန်ဈေးနှုန်းက အကုန်လုံးတက်နေတော့ မြေသြဇာဈေးတွေလည်းတက်သွားတယ်။ ကျနော့်စိုက်ခင်းမှာတော့ တစ်ခြားအမျိုးအစားတွေ သိပ်မသုံးဖြစ်ဘူး။ ပုလဲတစ်မျိုးတည်းကိုပဲ အဖြူ၊အမဲရောပြီးသုံးတယ်။ လောလောဆယ်တော့ ဈေးတက်သွားလို့မဝယ်ရသေးဘူး။ ဝယ်နိုင်ဖို့ကလည်းမလွယ်ဘူး။ တစ်ခြားလူတွေမှာလည်း အဲဒီအတိုင်းပဲ မြေသြဇာဈေးတွေတက်နေလို့ မဝယ်နိုင်ကြသေးတာများတယ်’’ဟု ပြောသည်။

လေးမြို့ချောင်းဒေသခံများမှာ မြေသြဇာများဝယ်ရန်အတွက် ဆင်အိုးကျေးရွာအထိ စက်လှေဖြင့် ဆီ(၂)ဂါလံခန့်ကုန်ကျခံကာ သွားကြရပြီး ယင်းမှတစ်ဆင့် မြောက်ဦးမြို့သို့ သုံးဘီး၊ လိပ်ကုန်း၊ ကား စသည့်တို့ဖြင့် ငှားရမ်းသွားကြရသည်။

ယခင်က ဆင်အိုးမှမြောက်ဦးသို့ကားခ လူတစ်ဦးလျှင် (၂)ထောင်ကျပ်၊ မြေသြဇာတစ်အိတ်လျှင် သယ်ယူခ (၁)ထောင်ကျပ်သာပေးရသော်လည်း လက်ရှိတွင် ဆီဈေးနှုန်းမြင့်တက်နေသဖြင့် လူတစ်ဦးကို (၃)ထောင်ကျပ်နှင့် မြေသြဇာတစ်အိတ်လျှင် သယ်ယူစရိတ်(၂)ထောင်ကျပ်အထိ ဈေးတက်သွားကြောင်းလည်း သိရသည်။

သီးနှံစိုက်ခင်းတစ်ဧကတွင် မြေသြဇာတစ်အိတ်နှုန်းဖြင့် ရက်ပေါင်း(၂၀)ခြားတစ်ခါ ပုံမှန်သုံးပေးရပြီး မြေသြဇာပုံမှန်သုံးပေးနိုင်ခဲ့သည့်နှစ်များကပင် စိုက်ခင်းမှရရှိသည့်ငွေများဖြင့် မိသားစုစားဝတ်နေရေးအတွက် ဖူလုံမှုမရှိခဲ့သဖြင့် ယခုနှစ်တွင် စားဝတ်နေရေး အခက်အခဲပိုဖြစ်လာနိုင်သည်ဟုလည်း ကုန်းချောင်းဒေသခံ ဦးဘချစ်က ဆက်ပြောသည်။

“ဒီလိုစိုက်ခင်းတွေက စပါးခင်းတွေနဲ့မတူဘူး။ မြေသြဇာအမြဲသုံးပေးရတယ်။ ကျနော့်မှာတော့ စိုက်ခင်းက ၅ ဧကဆိုတော့ တစ်ခါကြဲရင် ငါးအိတ်ကုန်တယ်။ ဒါပေမယ့် လောလောဆယ်တော့ မြေသြဇာကတစ်အိတ်ပဲရှိတယ်။ ထပ်သွားဝယ်ဖို့ကလည်း စက်လှေဆီစရိတ်နဲ့ ကားစရိတ်တွေနဲ့မလွယ်ဘူး။ ပုံမှန်မြေသြဇာသုံးနိုင်တဲ့ နှစ်တွေကတောင် စိုက်ခင်းကရတဲ့ငွေနဲ့ မိသားစုစားဝတ်နေရေးလုံလောက်မှုမရှိဘူး။ ဒီနှစ်တော့ မြေသြဇာမသုံးနိုင်တာကတမျိုး၊ ကြွက်တွေကလည်း တစ်အားပေါတယ်။ ဒီအတိုင်းဆိုရင်တော့ တောင်သူတွေအတွက်အခက်အခဲပါပဲ”ဟု ၎င်းကပြောသည်။

အလားတူ ဆင်ကဲကျေးရွာမှ တောင်ယာစိုက်ပျိုးနေသူတစ်ဦးဖြစ်သည့် ဦးစောသိန်းကလည်း ၎င်း၏စိုက်ခင်းများမှာ မြေသြဇာသုံးစွဲရမည့်အချိန်ရောက်နေပြီဖြစ်သော်လည်း ငွေကြေးအကျပ်အတည်းများကြောင့် မြေသြဇာဝယ်မသုံးနိုင်သေးကြောင်း ပြောကြားသည်။

“မနှစ်က ဒီအချိန်လောက်ဆိုရင် စိုက်ခင်းမှာ မြေသြဇာကသုံးပြီးနေလောက်ပြီ။ ဒါပေမယ့်ဒီနှစ်ကတော့ ကိုဗစ်နဲ့ တစ်ခြားလုပ်နေတဲ့အလုပ်တွေကလည်း အဆင်မပြေတော့ ငွေရေးကြေးရေးက ကျပ်တည်းတယ်လေ။ ပြီးတော့ မြေသြဇာဈေးတွေကလည်း အရမ်းတက်သွားတော့ မဝယ်နိုင်ဘူး။ အဲဒါကြောင့် အခုချိန်ထိ စိုက်ခင်းမှာ မြေသြဇာတစ်ကြိမ်မှမသုံးရသေးဘူး။ ဒီအတိုင်းထားရတယ်”ဟု ဦးစောသိန်းကပြောသည်။

လေးမြို့ချောင်းအထက်ပိုင်းဒေသများတွင် ယခုရာသီ၌ မြေပဲခင်းနှင့် ပဲလုံးသီးရှည်ခင်းတို့ကိုသာ အဓိကစိုက်ပျိုးကြပြီး သီးနှံပေါ်ချိန်ရောက်လျှင် မြေပဲတောင့်များကို စစ်တွေဖက်မှကုန်သည်များက နှစ်စဉ်လာရောက်ဝယ်ယူကြကြောင်းနှင့် တစ်ခြားသီးနှံများကို အနီးပတ်ဝန်းကျင်ရှိကျေးရွာများနှင့် ခရီးသွား၊ ခရီးလာများက လာရောက်ဝယ်ယူကြကြောင်းလည်း သိရသည်။