အငူမော်-ဘူးသီးတောင်ကားလမ်းရှိ လမ်းပိုင်းနေရာအချို့ ဆိုးဝါးစွာပျက်စီးနေ၍ ဒေသခံများသွားလာရေးအခက်အခဲဖြစ်

ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရသေ့တောင်မြို့နယ် အငူမော်မှ ဘူးသီးတောင်မြို့သို့ ဆက်သွယ်ထားသည့်ကားလမ်းမှာ ဆိုးဝါးစွာပျက်စီးနေသဖြင့် ခရီးသည်များနှင့် ယာဉ်မောင်းများ သွားလာရာတွင် အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

03 Jun 2022

DMG ၊ ဇွန် ၃

ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရသေ့တောင်မြို့နယ် အငူမော်မှ ဘူးသီးတောင်မြို့သို့ ဆက်သွယ်ထားသည့်ကားလမ်းမှာ ဆိုးဝါးစွာပျက်စီးနေသဖြင့် ခရီးသည်များနှင့် ယာဉ်မောင်းများ သွားလာရာတွင် အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

အဆိုပါလမ်းမှာ မယူတောင်အရှေ့ဘက်ခြမ်းရှိ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့မှ ရွာပေါင်း ၆၀ ခန့်တို့မှ ဒေသခံများ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည့်ကဏ္ဍများတွင် အရေးပါသည့်လမ်းဖြစ်သည်။

ရသေ့တောင် မင်းဖူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းထွန်းက “ဒီလမ်းမှာ အခုဆိုရင် ကား၊ဆိုင်ကယ်တွေ သွားလို့မရအောင်ပျက်စီးနေတဲ့အတွက် အားလုံးကအခက်အခဲဖြစ်နေပါတယ်။ အဲလမ်းကို မိုးမကျမီပြုပြင်ပေးဖို့အတွက် ကျနော်တောင်းဆိုပါတယ်”ဟု DMG သို့ပြောသည်။

အဆိုပါလမ်းကို သွားလာရေးအဆင်ပြေစေရန်နှင့် လမ်းပြုပြင်ပေးဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ စာတင်တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာထူးခြားမှုမရှိသေးကြောင်း ဦးစိုးဝင်းထွန်းကဆိုသည်။

အဆိုပါလမ်းကို ရသေ့တောင်မြို့နယ် အငူမော်မှ ဘူးသီးတောင်မြို့အထိ ရခိုင်ရွာပေါင်း(၄၀)၊ မွတ်ဆလင်ရွာပေါင်း (၁၀)ကျော် အားထားနေရခြင်းဖြစ်သည်။

စုစုပေါင်းလမ်းအရှည် မိုင် ၅၀ ခန့်ရှိကာ ယင်းအထဲမှ လောင်းချောင်း-အငူမော် ကွန်ကရက် ၆ မိုင်ကျော်နှင့် ဘူးသီးတောင်မှ-သပိတ်တောင် ၆ မိုင်ခန့်မှာ ကွန်ကရက်လမ်းဖြစ်ပြီး ကျန်သည့်လမ်းပိုင်းမှာ ကျောက်ချောလမ်းအဆင့်သာရှိနေကာ လက်ရှိမှာ ကျောက်ချောလမ်းနေရာများမှ ပျက်စီးနေခြင်းဖြစ်သည်။

လမ်းပျက်စီးနေသည့်နေရာမှာ လောင်းချောင်းကျေးရွာမှ ဆင်အိုးကျေးရွာအကြားတွင် လမ်းမအလယ်၌ ချိုင့်ခွက်များဖြစ်နေပြီး ရေဝပ်သည့်နေရာများစွာရှိနေသည့်အတွက် သွားလာရေးအခက်အခဲဖြစ်ကြောင်း ခရီးသည်တင်ကားယာဉ်မောင်းသူတစ်ဦးက DMG သို့ပြောသည်။

“အရင်နှစ်တွေကဆိုရင် မိုးမကျခင် လမ်းပြုပြင်‌ပေးတဲ့သူတွေရှိတယ်။ ဒီနှစ်တော့ အဲလိုလုပ်ပေးမယ့်သူတွေလည်း မရှိဘူးဆိုတော့ လမ်းကအလယ်တည့်တည့်မှာ ကန်လိုမျိုးဖြစ်နေပြီး ရေတွေဝပ်နေ‌တော့ ကားတွေချောက်ထဲကျသွားရင် ပြန်တက်ရတာတွေ အခက်အခဲဖြစ်တယ်”ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ လမ်းဆိုးဝါးစွာပျက်စီးနေသောကြောင့် ခရီးသည်များမှာ သွားလာခြင်းမရှိတော့သဖြင့် ကားများမှာလည်း ရပ်နားထားရသည်ဟု ခရီးသည်ယာဉ်ပြေးဆွဲနေသည့် ယာဉ်မောင်း ကိုခင်ဝင်းထွန်းက DMG သို့ပြောသည်။

“အရင်ကဆိုရင် ကျနော်တို့ကားမှာ လူ ၁၀ ယောက်လောက်တင်တယ်၊ အခုဆိုရင် လူ ၅ ယောက်လောက်ပဲ တင်ရတယ်။ တစ်ခါတစ်လေဆိုရင် ကားချောက်ထဲကျသွားရင် ပြန်တက်လို့မရတာတွေရှိတဲ့အတွက် ကူညီလို့ရအောင် တစ်ကားနဲ့တစ်ကား အနီးကပ်လေးပဲသွားရတယ်။ ခရီးသည်တွေလည်းလမ်းပျက်နေတော့ သိပ်မသွားချင်ကြဘူး။ ကားသမားတွေကလည်း လမ်းကလည်းမကောင်း၊ ခရီးသည်တွေကလည်းမရှိတော့ မထွက်ပဲရပ်ထားကြတယ်”ဟု ကိုခင်ဝင်းထွန်းကပြောသည်။

အဆိုပါ ကျောက်ချောလမ်းတစ်လျှောက်တွင် ချောက်ခွက်များ၊ ရွံ့အိုင်များဖြစ်နေသည့်အတွက် ဒေသခံတို့မှာ ဆိုင်ကယ်ဖြင့်သွားရန် လုံးဝအဆင်မပြေသောကြောင့် ကားငှားပြီးသွားနေရသည်ဟု ရသေ့တောင်မြို့နယ် မီးကျောင်းရေသောက်ကျေးရွာမှ ကိုလှဌေး က DMG သို့ပြောသည်။

“လမ်းက ကောင်းကွက် ဘာတစ်ခုမှမရှိတော့တာပါ။ ဆိုင်ကယ်နဲ့သွားလို့မရလို့ ကျနော်ဒီနေ့လာတာတောင် ကားငှားပြီးလာခဲ့ရတယ်။ အမြဲတမ်း ကားနဲ့သွားနေဖို့ကလည်း ငွေကြေးထည့်တွက်ရသေးတယ်။ ဆိုင်ကယ်နဲ့သွားတဲ့နေ့ဆို ချောက်ထဲကျသွားရင်ပြန်တွန်းတင်ရတယ်။ အဲလိုဆိုရင် အဝတ်အစားတွေက ရွံ့တွေ ပေပြီး ရစရာမရှိကိုဖြစ်သွားတယ်”ဟု သူကဆိုသည်။

အဆိုပါ လမ်းပျက်စီးနေမှုနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ကျေးလက်လမ်းဦးစီးဌာန တာဝန်ရှိသူထံ DMG က ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

အဆိုပါလမ်းပိုင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၃၃၂၂ ဒသမ ၇၈၃ အကုန်ကျခံကာ ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း လွှတ်တော်မှတ်တမ်းများအရ သိရသည်။