- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာစစ်တပ်က အငူမော်-မောင်တော ကားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာခွင့်ပိတ်ထား
စစ်တွေမြို့နယ်တစ်ဖက်ကမ်းရှိ ရသေ့တောင်မြို့နယ် အငူမော်မှ မောင်တောသို့သွားရာ ကားလမ်းတစ်လျှောက်ကို မြန်မာစစ်တပ်က သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းမှစတင်ကာ သွားလာခွင့်ပိတ်ထားကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများကပြောသည်။
14 Aug 2022
DMG ၊ သြဂုတ် ၁၄
စစ်တွေမြို့နယ်တစ်ဖက်ကမ်းရှိ ရသေ့တောင်မြို့နယ် အငူမော်မှ မောင်တောသို့သွားရာ ကားလမ်းတစ်လျှောက်ကို မြန်မာစစ်တပ်က သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းမှစတင်ကာ သွားလာခွင့်ပိတ်ထားကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများကပြောသည်။
ယမန်နေ့(သြဂုတ်လ ၁၃ ရက်)က ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီးရှိ မေယုတောင်တန်းနှင့် မောင်တောမြို့နယ် ဝေလာတောင်ကြားတို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြန်မာစစ်တပ်က အဆိုပါကားလမ်းတစ်လျှောက် သွားလာခွင့်ကို ပိတ်ပင်တားမြစ်လိုက်ခြင်းဖြစ်သည်။
အငူမော်မှ မောင်တောသို့ ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက “ပိတ်တာကတော့ အငူမော်-မောင်တော ကားလမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တိုင်းက ပိတ်ထားတာပါ။ ခရီးသည်တွေလည်းမသွားရဘူး၊ ကားလမ်းတွေလည်းပိတ်ထားတော့ ကားသမားတွေအခက်အခဲရှိတာပေါ့”ဟု ပြောသည်။
မောင်တောမြို့နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ ညနေ့ပိုင်းမှစတင်ကာ ကြိမ်ချောင်းအမှတ်(၂၄)စခန်း စစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားလာမှုများကို တားမြစ်ထားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ကြိမ်ချောင်းကျေးရွာသားတစ်ဦးကပြောသည်။
“ကားတွေ လုံးဝဖြတ်ခွင့်မပေးဘူး။ ကျွန်တော်တို့ရွာကတောင် မောင်တောကို သွားလို့မရဘူး။ မောင်တောမြောက်ပိုင်းကလာတဲ့ ကားတွေကို အကုန်လုံးပြန်လွှတ်လိုက်တယ်”ဟု ၎င်းကဆိုသည်။
မောင်တောမြို့နှင့် တောင်ပြိုကျေးရွာများသို့ ခရီးသည်တင်ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးကလည်း “ကားလမ်းတွေပိတ်ထားတာ ဟုတ်ပါတယ်။ အဲဒီလို ကြိမ်ချောင်းဂိတ်ကနေ ပိတ်ထားတဲ့အတွက် ကားတွေရပ်နားထားတာတွေရှိတယ်”ဟု ပြောသည်။
ထိုသို့ပိတ်ထားသည့်ကားလမ်းကို မည်သည့်နေ့တွင် ပြန်လည်သွားလာခွင့်ရမည်ကို မသိရသေးဘဲ ရေရှည်ပိတ်ထားပါက ဒေသခံများ အခက်အခဲဖြစ်မည်ကိုစိုးရိမ်ကြောင်း မောင်တောမြို့နယ် တမန်းသားကျေးရွာသားတစ်ဦးကပြောသည်။
“မနေ့က လက်နက်ကြီးပစ်ခတ်သံတွေကြားရတယ်။ ဒေသခံတွေက အပြင်သိပ်မထွက်ရဲကြဘူး။ နောက်ပြီးတော့ ကားလမ်းတွေကိုလည်း ပိတ်ထားတယ်။ ဒီနေ့လည်း ကြိမ်ချောင်းဂိတ်က ထွက်ခွင့်မပေးတဲ့အတွက် ပြန်လာရတယ်။ ကားလမ်းတွေ တာရှည်ပိတ်ထားရင်တော့ ဒေသခံတွေ စားဝတ်နေရေးကအစ အခက်အခဲတွေရှိနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။
ကြိမ်ချောင်းအမှတ်(၂၄)စခန်း စစ်ဆေးရေးဂိတ်မှ သွားလာခွင့်ပိတ်ထားသည့်အတွက် ကြိမ်ချောင်းအထက်ပိုင်းရှိ မင်းကြီး၊ ရန်အောင်ပြင်၊ ဝက်ကျိန်း၊ မြဝတီ၊ တမန်းသား စသည့်ကျေးရွာ ၂၀ ကျော်မှ ဒေသခံသောင်းနှင့်ချီ၍ သွားလာရေး အခက်အခဲဖြစ်နေကြသည်။
မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက “ဒီလို ကားလမ်းတွေပိတ်ထားတယ်ဆိုတော့ တိုက်ပွဲဆက်ဖြစ်ဖို့ ပိုများပါတယ်။ အဓိကတော့ ဒီကားတွေပိတ်ထားတာကတော့ ဒေသခံတွေအတွက် အများကြီးအခက်အခဲရှိတယ်။ ကျန်းမာရေးကအစ အခက်အခဲရှိတာပေါ့။ တိုက်ပွဲဖြစ်ရင်လည်း တိုက်စစ်မဆင်ကြဖို့အရေးကြီးပါတယ်”ဟု ပြောသည်။
မောင်တောမြောက်ပိုင်းနှင့် မောင်တော-အငူမော် ကားလမ်းများကို ပိတ်ထားခြင်းနှင့်ပတ်သက်ပြီး ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
ယမန်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ အထိအခိုက်ကျဆုံးမှုအချို့ရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။
ရက္ခိုင့်တပ်တော်(AA)၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး တုန့်ပြန်မှုရရှိနိုင်ရန် မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။
လက်ရှိရခိုင်တွင် မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ရေးတင်းမာနေပြီး နှစ်ဘက်လုံးက စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း သိရသည်။