- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အမ်းမြို့နယ်မှ မီးဘေးဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်နေ
အမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် ယမန်နေ့(မတ်လ ၂၀ ရက်)က မီးလောင်မှုကြောင့် စစ်ဘေးရှောင်များ နေထိုင်သည့် တဲအိမ်(၉)လုံးနှင့် ရပ်ကွက်အတွင်းရှိ နေအိမ်(၉)လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၉၀ ခန့်မှာ စားနပ်ရိက္ခာနှင့်နေထိုင်ရေး အခက်အခဲဖြစ်ပေါ်နေသည်။
21 Mar 2022
DMG ၊ မတ်လ ၂၁
အမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် ယမန်နေ့(မတ်လ ၂၀ ရက်)က မီးလောင်မှုကြောင့် စစ်ဘေးရှောင်များ နေထိုင်သည့် တဲအိမ်(၉)လုံးနှင့် ရပ်ကွက်အတွင်းရှိ နေအိမ်(၉)လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၉၀ ခန့်မှာ စားနပ်ရိက္ခာနှင့်နေထိုင်ရေး အခက်အခဲဖြစ်ပေါ်နေသည်။
အဆိုပါမီးလောင်မှုမှာ ထမင်းချက်မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်များကိုကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နေအိမ်(၁၈)ဆောင်မီးလောင်ခဲ့ပြီး အဝတ်အထည်များအပါအဝင် လူသုံးကုန်ပစ္စည်းများဆုံးရှုံးသွားကာ အကူအညီများလိုအပ်နေသည်ဟု ဆိုကြသည်။
“ပစ္စည်းတွေအကုန်လုံးက မီးထဲပါသွားတာဆိုတော့ ဝတ်စရာအဝတ်တွေတောင်မရှိကြဘူး။ အခုလောလောဆယ်တော့ ကျမတို့ စားသောက်ရေးအတွက်စီစဉ်ပေးနေတယ်။ အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့လည်း လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ စီစဉ်နေကြတယ်”ဟု အမ်းမျိုးဆက်သစ် ပရဟိတအသင်းမှ မအေးအေးနိုင်ကပြောသည်။
မီးလောင်မှုဖြစ်ပွားပြီးနောက်တွင် ဌာနဆိုင်ရာများက လာရောက်စာရင်းကောက်ယူမှုရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ကူညီဆောင်ရွက်ပေးမှုမရှိသေးကြောင်း နေအိမ်ဆုံးရှုံးသွားသူ ဦးတင်ဦးကဆိုသည်။
“သက်ဆိုင်ရာကလာပြီး မေးတာတွေတော့ရှိတယ်။ သူတို့က ဘာမှတော့မတုန့်ပြန်ဘူး။ အခုကျနော်တို့အိမ်က ပြာကျသွားပြီ။ ရှိတာတွေလည်း မီးထဲပါသွားပြီ။ ဘယ်သူ့ကိုအားကိုးလို့ အားကိုးရမှန်းမသိတော့ဘူး။ အခု သူများရဲ့ကူညီကယ်ဆယ်မှုနဲ့ အသက်ဆက်နေရတယ်”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ၎င်းမီးဘေးဒုက္ခသည်များကို ဓမ္မရက္ခိတကုန်းဓမ္မာရုံ၌ နေရာချပေးထားပြီး အဝတ်အထည်၊ ဆေးဝါးနှင့် စားသောက်ကုန်များ အရေးပေါ်လိုအပ်နေသည်ဟု ဒို့မြေဒို့ရေပရဟိတအသင်း အတွင်းရေးမှူး ဦးသန်းချိုကပြောသည်။
“လက်တလော သူတို့ကို ဓမ္မရက္ခိတကုန်းဓမ္မာရုံမှာ ကူညီကယ်ဆယ်ထားပါတယ်။ လောလောဆယ် အရေးပေါ် အကူအညီလိုအပ်နေတာက အဝတ်အထည်၊ ဆေးဝါးနဲ့ စားသောက်ကုန်တွေပါ။ မီးဘေးသင့်လူဦးရေကများတော့ အရေးပေါ်အကူအညီမရခဲ့ရင် ကျနော်တို့ပရဟိတအသင်းတွေလည်း သာမန်လောက်ပဲ တောင့်ခံနိုင်မယ် ထင်ပါတယ်”ဟု ဦးသန်းချိုကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးအား DMG မှ ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။
အမ်းမြို့နယ်မှ မီးဘေးသင့်ပြည်သူများအားလှူးဒါန်းလိုပါက အမ်းမျိုးဆက်သစ်လူငယ်အဖွဲ့ (ဖုန်း-09 880 609 426)၊ ဒို့မြေဒို့ရေပရဟိတအသင်း၊ ကိုသန်းချို(အတွင်းရေးမှူး) ဖုန်း- 09 455 600 541 တို့ကို ဆက်သွယ်လှူဒါန်းနိုင်သည်။