အမ်းတွင် မိုင်းနင်းမိ၍ ကျောင်းသားတစ်ဦး သေဆုံး

အမ်းမြို့နယ် ကဇုကိုင်းကျေးရွာမှ (၈) တန်းကျောင်းသားတစ်ဦးမှာ ရွာ၏ အရှေ့ဖက် မြန်မာ့စစ်တပ်မှ လုံခြုံရေးယူထားသည့် တောင်အနီးတွင် မျှစ်သွားချိုးစဉ် မိုင်းနင်းမိ၍ သေဆုံးခဲ့ရကြောင်း မိသာစုဝင်များထံမှ သိရသည်။

09 Jul 2022

မိုင်းနင်းမိ၍ သေဆုံးခဲ့ရသူ မောင်စည်သူကျော်လင်း၏ ရုပ်အလောင်းကိုတွေ့ရစဉ်။ (ဓါတ်ပုံ - ကဇုကိုင်းကျေးရွာသား တစ်ဦး)

DMG ၊ ဇူလိုင် ၁၀

အမ်းမြို့နယ် ကဇုကိုင်းကျေးရွာမှ (၈) တန်းကျောင်းသားတစ်ဦးမှာ ရွာ၏ အရှေ့ဖက် မြန်မာ့စစ်တပ်မှ လုံခြုံရေးယူထားသည့် တောင်အနီးတွင် မျှစ်သွားချိုးစဉ် မိုင်းနင်းမိ၍ သေဆုံးခဲ့ရကြောင်း မိသာစုဝင်များထံမှ သိရသည်။

သေဆုံးသူမှာ အသက် (၁၅) နှစ် အရွယ် မောင်စည်သူကျော်လင်းဖြစ်ပြီး ယမန်နေ့ ဇူလိုင်လ (၉) ရက်နေ့ နံနက်ပိုင်းက တောင်ပေါ်သို့ မျှစ်သွားခူးစဉ် မိုင်းနင်းမိ၍ သေဆုံးခဲ့ခြင်းဖြစ်သော်လည်း အလောင်းကို ယနေ့ ဇူလိုင် (၁၀) ရက်နေ့ နံနက်ပိုင်းကသာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြာင်း သေဆုံးသူ၏ အဖိုးဖြစ်သူ  ကဇုကိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်းက DMGသို့ ပြောသည်။

“သူက ကဇုကိုင်း အထက(ခွဲ )မှာ ကျောင်းတက်နေတာ။ အဲဒီကျောင်းမှာ ကျောင်းသူ ကျောင်းသားတွေ စုပေါင်းပြီး ဝါဆိုသင်္ကန်းကပ်ဖို့ရှိတယ်။ အဲဒါ ဝါဆိုသင်ကန်းကပ်ဖို့အတွက် မျှစ်ရောင်းပြီး ပိုက်ဆံ ရှာမယ်ဆိုပြီး တော့ မနေ့က မနက် ၈ နာရီလောက်မှာ တောင်ပေါ်ကို တက်သွားတာ။ ၉ နာရီကျော်လောက်အချိန် မိုင်းပေါက်ကွဲသံကို ကြားပြီး အခုလို အဖြစ်ဆိုးနဲ့ ကြုံရတော့တာပဲ ” ဟု ဦးကျော်သန်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် မိုင်းနင်းမိသူအား အချိန်မီသာ ရှာဖွေခွင့် ရခဲ့လျင် ယခုကဲ့သို့ သေဆုံးရသည့် အခြေအနေထိ မဆိုးရွားနိုင်ကြောင်းလည်း မိသားစုဝင်များက ဆိုသည်။

ဆက်လက်ပြီး ဦးကျော်သန်းက “ မိုင်းပေါက်ကွဲသံကို ကျနော်တို့ မနေ့က ၉ နာရီခွဲလောက်မှာ ကြားတယ်။ ကြားတာနဲ့ ချက်ချင်း ကျနော်တို့ သွားရှာပေမယ့် အဲဒီနားမှာ လုံခြုံရေးယူထားတဲ့ စစ်သားတွေက ရှာခွင့်မပေးဘူး။ နောက်ထပ် အဲဒီနားမှာ မိုင်းအန္တရာယ်ရှိနိုင်း သေးတဲ့အတွက် ကျနော်တို့လည်း လက်လျော့ပြီး ပြန်လာခဲ့ရတယ် ” ဟုပြောသည်။

ထို့အပြင် သေဆုံးသွားသူ၏ အလောင်းတွင် ခြေတစ်ဖက် ပြတ်ထွက်ဒဏ်ရာနှင့် ညာဖက်လက်မောင်း ထိခိုက်ဒဏ်ရာသာရှိပြီး အခြား ထိခိုက်ဒဏ်ရာ မရှိသည့်အတွက် သွေးထွက်လွန်ပြီး သေဆုံးရခြင်းဖြစ်ကြောင်း လည်း မိသားစုဝင်များက မှတ်ချက်ပြုသည်။

“ဒီနေ့မနက် ၉ နာရီလောက်မှာ ကျနော်တို့ ထပ်ရှာတော့ မိုင်းကွဲတဲ့နေရာနဲ့ ၁၂ ပေလောက်အကွာမှာ ဘယ်ခြေ တစ်ဖက်ပြတ်နေတဲ့ သူ့အလောင်းကို တွေ့ခဲ့ရတယ်။ ဖြစ်စဉ်တွေကိုကြည့်ရင် သွေးထွက်လွန်ပြီး သေဆုံးခဲ့ရတာ ဖြစ်နိုင်တဲ့အတွက် ကျနော်တို့ ယူကျုံးမရ ဖြစ်မိတယ် ” ဟု ဦးကျော်သန်းမှ ဆိုသည်။

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့မနက် ၉ နာရီခွဲအချိန်တွင် ကဇုကိုင်း သုသာန်သို့ ယူဆောင်ခဲ့ပြီး နေ့လည်  ၂ နာရီခွဲ အချိန်တွင် သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်တွင် မြန်မာစစ်တပ်နှင့် AA တို့အကြား တိုက်ပွဲများ ရပ်စဲထားသော်လည်း မိုင်းနှင့် စစ်ကျန်လက်နက်ေ ပါက်ကွဲမှုများ ကြောင့် မကြာခဏ ဒေသခံများ သေဆုံးဒဏ်ရာရမှုများ ရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ကလည်း မြောက်ဦးမြို့ ပေါင်းတုတ်ကျေးရွာမှ မွတ်ဆလင် ကလေးနှစ်ဦးမှာ တစ်ဦးတွင် ညာဖက်ခြေကျင်းဝတ် ပြတ်ထွက်ခဲ့ရပြီး နောက်တစ်ဦးတွင် ခန္ဓကိုယ်အနှံ့အပြား မိုင်းစများထိမှန်ကာ မြောင်းဘွေဆေးရုံတွင် လက်ရှိ အရေးပေါ် ဆေးကုသမှု ခံယူနေရသည်။

အလားတူ ဇူလိုင်လ ၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် မျာလီကန်ကျေးရွာမှ ဒေသခံတစ်ဦးမှာ မိုင်းနှင်းမိ၍ အသက်သေဆုံးခဲ့ရပြီး ဇူလိုင်လ ၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ဝက်မိုင်းကျေးရွာမှ ဒေသခံတစ်ဦးမှာ နွားရှာသွားစဉ် မိုင်းနင်းမိ၍ အသက်သေဆုံးခဲ့ရသည်။