ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပုဂံမှ ရှေးဟောင်းလက်ရာအချို့ အခိုးခံရ

ကမ္ဘာ့အမွေအနှစ်(UNESCO)စာရင်းဝင်ဖြစ်သည့် ပုဂံဒေသရှိ ဘုရားနှစ်ဆူ၏ ပလ္လင်တွင်တန်ဆာဆင်ထားသော ရှေးဟောင်းလက်ရာများ ခိုးယူခံရကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်းတာဝန်ရှိသူထံမှ သိရသည်။

20 Apr 2022

Photo – Ohmmar Myo

DMG ၊ ဧပြီ ၂၀

ကမ္ဘာ့အမွေအနှစ်(UNESCO)စာရင်းဝင်ဖြစ်သည့် ပုဂံဒေသရှိ ဘုရားနှစ်ဆူ၏ ပလ္လင်တွင်တန်ဆာဆင်ထားသော ရှေးဟောင်းလက်ရာများ ခိုးယူခံရကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်းတာဝန်ရှိသူထံမှ သိရသည်။

ထိုသို့ခိုးယူခံခဲ့ရသည့် ရှေးဟောင်းလက်ရာများမှာ ပုဂံမြို့၊ ညောင်လက်တစ်ဖက်ကန်အနီးရှိ ဘုရားအမှတ် ၄၁၈ နှင့် ၇၁၆ ရှိ ရှေးဟောင်းကျောက်ဆစ်လက်ရာများဖြစ်ကြသည်။

ဘုရားအမှတ် ၄၁၈ မှ ဦးခေါင်းသုံးလုံးဗြမ္မာရုပ်၊ ဘုရားအမှတ် ၇၁၆ မှ ရှိသမျှသော ကျောက်ဆစ်လက်ရာများကို ခိုးယူခံရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံရှေးဟောင်းသုတေသနအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာမျိုးက DMG ကိုပြောသည်။

“အဲဒီနေရာက လူသူအရောက်အပေါက်လည်း နည်းတယ်။ လုံခြုံရေးလည်းမရှိဘူး။ ပြီးတော့ ဒီလိုတန်ဖိုးရှိတဲ့ဟာတွေကို သိတဲ့လူလည်းနည်းတယ်။ ဒီတော့သေချာတာက ဒါဟာ သေသေချာချာသိတဲ့အထဲက လုပ်တာလို့ပြောလို့ရတယ်။ အခိုးခံရတဲ့ ဦးခေါင်းသုံးလုံး ဗြမ္မာရုပ်ဆိုရင် တော်တော်ရှားပါးတဲ့အထဲမှာပါတယ်”ဟု ဒေါ်ဥမ္မာမျိုးကရှင်းပြသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့(Interpol)၊ နယ်စပ်ဖြတ်ကျော်မှုခင်းဌာနတို့နှင့်လည်း ချိတ်ဆက်ဆောင်ရွက်သွားမည်ဟု ၎င်းကဆက်ပြောသည်။

ယခုပျောက်ဆုံးသွားသည့် ရှေးဟောင်းပစ္စည်းအရေအတွက်ကို ယခင်ရှိခဲ့သည့်မှတ်တမ်းနှင့် တိုက်ဆိုင်စစ်ဆေးနေကြောင်းလည်း ပုဂံရှေး/သုတာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။

“ကျွန်တော်တို့ဘက်ကတော့ လက်ရှိရဲစခန်းမှာ အမှုဖွင့်တာတွေတော့ လုပ်ထားတယ်။ ပြီးတော့ ကျောက်ဆစ်လက်ရာ ဘယ်နှစ်ခုပျောက်သွားတယ်ဆိုတာကို အရင်ရှိခဲ့တဲ့မှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေလုပ်နေတုန်း ရှိသေးတယ်”ဟု ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနခွဲမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လအတွင်းကလည်း ပုဂံရှိ ရွာဟောင်းကြီးဘုရားမြောက်ဘက် ဘုရားစုများထဲမှ ဘုရားငါးဆူ ဖောက်ထွင်းခံခဲ့ရသေးသည်။

UNESCO စာရင်းဝင်ဖြစ်သည့် ပုဂံဒေသမှတွင် ရှေးဟောင်းကျောက်ဆစ်လက်ရာများ ခိုးယူခံရသည့်ဖြစ်စဉ်သည် UNESCO စာရင်းဝင်ရောက်နိုင်ရေးအတွက် ကြိုးပမ်းနေဆဲဖြစ်သည့် မြောက်ဦးယဉ်ကျေးမှုဒေသအတွက် သတိပေးချက်တစ်ခုကဲ့သို့ဖြစ်နေကြောင်း မြောက်ဦးအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကဆိုသည်။

“ကျွန်မတို့မြောက်ဦးမှာ ရှေးဟောင်းအမွေအနှစ်တွေဟာ လုံခြုံမှု လုံးဝမရှိသေးဘူး။ ကိုးသောင်းပုထိုးတော်ကြီးမှာဆိုရင် ဆင်းတုတော် တော်တော်များများပျောက်သွားပြီ။ ကိုးသောင်းမှာရှိတဲ့ အချို့အရာတွေဆိုရင် တော်တော်လေးဖျက်ဆီးခံထားရတယ်။ ဒွာရပါလတံခါးစောင့်အရုပ်တွေဆိုရင်လည်း ရိုက်ချိုးဖျက်ဆီးခံထားရတယ်။ ထုက္ကံသိမ်ကအရုပ်တွေဆိုရင်လည်း မကြာခဏ အထုခံထားရတယ်။ လေးမျက်နှာမှာဆိုရင်လည်း ဘုရားတွေအချိုးခံထားရတယ်။ တောထဲကဘုရားတွေဆိုရင်လည်း ဘယ်ဘုရား ပျောက်လို့ပျောက်မှန်းမသိဘူးဖြစ်နေတယ်”ဟု ၎င်းကရှင်းပြသည်။

ယခုကဲ့သို့ ရှေးဟောင်းလက်ရာများ ပျောက်ပျက်မှုမဖြစ်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအပြင် ဒေသခံများပူးပေါင်းပါဝင်မှာသာ ပြည့်ပြည့်ဝဝကာကွယ်နိုင်မည်ဟု ဒေါ်ခင်သန်းကဆက်ပြောသည်။

ပုဂံဒေသသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက UNESCO စာရင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသမှာ လက်ရှိတွင် UNESCO စာရင်းဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိနေသည်။