- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကုန်ပစ္စည်းအရည်အသွေးနှင့် ဈေးကွက်မကောင်း၍ ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုကျဆင်း
ကုန်ပစ္စည်းများ အရည်အသွေးမကောင်းခြင်းနှင့် ကုန်သွယ်မှုဈေးနှုန်းများ ကိုက်ညီမှုမရှိသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ကုန်သွယ်ရေးပြုလုပ်ရာတွင် အခက်တွေ့နေသဖြင့် ယခုလအတွင်း ကုန်သွယ်မှုကျဆင်းနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
24 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၂၄
ကုန်ပစ္စည်းများ အရည်အသွေးမကောင်းခြင်းနှင့် ကုန်သွယ်မှုဈေးနှုန်းများ ကိုက်ညီမှုမရှိသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ကုန်သွယ်ရေးပြုလုပ်ရာတွင် အခက်တွေ့နေသဖြင့် ယခုလအတွင်း ကုန်သွယ်မှုကျဆင်းနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
“ဟိုဘက်နဲ့ ဒီဘက်နဲ့က ဈေးနှုန်းမကိုက်တာတွေရှိတယ်။ ဒီဘက်မှာလည်း ပစ္စည်း(အရည်အသွေး)တွေက သိပ်မကောင်းသေးလို့ပေါ့နော်။ ကြက်သွန်တွေဆိုရင်လည်း အခွံမမာသေးတာကြောင့် ပုတ်သိုးလွယ်တာပေါ့။ အဲဒါကြောင့် ကုန်သွယ်ရတာလည်း အဆင်မပြေဘူး။ အဓိကတော့ ဟိုဘက်နဲ့ဒီဘက်ကပို့တဲ့အခါ ပစ္စည်းတွေကကောင်းပြီး ဈေးကိုက်ဖို့လည်းလိုတာပေါ့”ဟု ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်က DMG သို့ပြောသည်။
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ကုန်စည်များတင်ပို့ရာတွင် ရေချိုငါးတင်ပို့မှုမှာ ၆၀ ရာခိုင်နှုန်းအထိရှိခဲ့ပြီး လက်ရှိတွင် ရေချိုငါး ရှားပါးမှုနှင့် ပြည်တွင်းတွင် ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူမှုလျှော့နည်းသွားသဖြင့် ယခင်ကထက် ကုန်သွယ်မှုလျော့ကျသွားကြောင်း ဦးအောင်အောင်က ရှင်းပြသည်။
မြန်မာနိုင်ငံအနှံ့မှ ဒေသထွက်ကုန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်မှုပြုလုပ်ရာတွင် ရခိုင်ပြည်အတွင်းရှိ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှတဆင့် တရားဝင်ကုန်ပစ္စည်းများကို တင်ပို့လျှက်ရှိသည်။
သို့သော် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ကုန်သွယ်မှုအဆင်ပြေခဲ့သော်လည်း ယခုလတွင် ပိုပြီးကုန်သွယ်မှုကျဆင်းလာခြင်းဖြစ်ပြီး အဆိုပါကုန်ပစ္စည်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ပုံမှန်ဈေးကွက်မရှိသည့်အတွက် ဝယ်လိုအားနည်းခြင်းဖြစ်ကြောင်းလည်း ကုန်သည်များက ပြောဆိုနေကြသည်။
“၂၀၂၁ ဒီဇင်ဘာလနဲ့ အခုအချိန်ဆိုရင် အရင်တုန်းက ၁၀၀ ရာခိုင်နှုန်းမှာ အခုက ၃၀ ရာခိုင်နှုန်းလောက်ပဲ ကုန်သွယ်နိုင်တယ်။ အခုက ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ပြောလို့ရတယ်။ သူတို့ဘက်ကဈေးကွက်က ပုံမှန်ခိုင်မာမှုမရှိတာကြောင့်လည်းပါတယ်။ နောက်ပြီးတော့ အခုကာလမှာ သူ့တို့ဘက်က ဝယ်လိုအားအရမ်းနည်းတယ်”ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်တင်သွင်းနေသည့် မောင်တော ဒေဝါနဒီကုမ္မဏီမှ ဦးကျော်ဝင်းထွန်းက ဆိုသည်။
အလားတူ နယ်စပ်ကုန်သည်မှုလျော့ကျခြင်း၏ အကျိုးဆက်အဖြစ် ပုံမှန်လုပ်နေသည့်ကုန်ကားယာဉ်မောင်းတို့နှင့် တခြားအလုပ်သမားတို့မှာလည်း လုပ်ငန်းပုံမှန်မလည်ပတ်နိုင်၍ အခက်အခဲ တချို့တွေ့နေရကြောင်းလည်း ဦးကျော်ဝင်းထွန်းကဆက်ပြောသည်။
ယခုကဲ့သို့ ကုန်သွယ်မှုကျဆင်းလာခြင်းကြောင့် နိုင်ငံတော်အတွက် ဘဏ္ဍာအခွန်များနစ်နာပြီး ကုန်သွယ်မှုလုပ်နေသည့် ကုန်သည်များမှာလည်း အခက်အခဲဖြစ်စေသည်ဟု မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်းမှ ဒုဥက္ကဌ ဦးအောင်စံသိန်းက DMG သို့ပြောသည်။
“အခုလိုကုန်သွယ်မှုတွေကျဆင်းတော့ တိုင်းပြည်အတွက်နစ်နာတာပေါ့၊ ကုန်ပစ္စည်းများများပို့နိုင်ရင် နိုင်ငံတော်အခွန်အခလည်း ပိုရလေပေါ့နော်။ ကျနော်တို့အနေနဲ့ ကုန်သွယ်မှုမြင့်နိုင်အောင်လို့လည်း ကြိုးစားနေပါတယ်။ အမှန်ကတော့ အကျိုးအမြတ်ရှိမှပဲ တိုင်းပြည်အတွက်ကောင်းမှာကို”ဟု ၎င်းကပြောသည်။
ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ရက်လျှင် စက်လှေ(၆)စီးခန့် ကုန်သွယ်တင်ပို့နိုင်ခဲ့သော်လည်း လက်ရှိတွင် (၃)စီးသာ ကုန်သွယ်နေရသည်ဟုလည်း လုပ်ငန်းရှင်များထံမှ သိရသည်။
ယခုကဲ့သို့ ကုန်သွယ်မှုကျဆင်းနေသည်ဟု ကုန်သည်များပြောဆိုချက်နှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ၏ စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်အားဆက်သွယ်ရာတွင် “ကုန်သွယ်မှုက မကျဆင်းပါဘူး။ အရင်အတိုင်းပါပဲ။ သူတို့တွေမှာ အဲလိုပြောနေကြတာ။ မကျဆင်းဘူး၊ မကျဆင်းဘူး”ဟု ၎င်းကဆိုသည်။