ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူမှုကြောင့် ရခိုင်ဒေသထွက် အုန်းသီးများ ဈေးကောင်းရနေ

ယခင်က အုန်းသီးတစ်လုံးကို ငွေကျပ် ၄၀၀ ခန့်ရရှိခဲ့သော်လည်း ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဝယ်ယူမှုကြောင့် အုန်းသီးတစ်လုံးကို ငွေကျပ် ၈၀၀ ခန့်အထိ ဈေးကောင်းရရှိနေသည်။

By Admin 24 Jan 2023

ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူမှုကြောင့် ရခိုင်ဒေသထွက် အုန်းသီးများ ဈေးကောင်းရနေ

ပြီးခဲ့သည့်နှစ်က ရခိုင်ဒေသထွက် အုန်းသီးများကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့နေသည်ကို တွေ့ရစဉ်။/ ဓာတ်ပုံ - ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(RSCCI)

DMG ၊ ဇန်နဝါရီ ၂၄

ရခိုင်ပြည်အတွင်းရှိ မာန်အောင်၊ သံတွဲ၊ ဂွ စသည့်မြို့နယ်တို့မှ ထွက်ရှိသည့် အုန်းသီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဝယ်ယူမှုကြောင့် ဒေသထွက်အုန်းသီးများ ဈေးကောင်းရရှိနေသည်ဟု အုန်းသီးရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

ယခင်က အုန်းသီးတစ်လုံးကို ငွေကျပ် ၄၀၀ ခန့်ရရှိခဲ့သော်လည်း ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဝယ်ယူမှုကြောင့် အုန်းသီးတစ်လုံးကို ငွေကျပ် ၈၀၀ ခန့်အထိ ဈေးကောင်းရရှိနေသည်ဟု မာန်အောင်မြို့မှ အုန်းခင်းစိုက်ပျိုးရေးလုပ်ကိုင်သူ ဦးထွန်းဝင်းက ပြောသည်။

“အစကတော့ အုန်းသီးတစ်လုံးကို ၄၀၀ ကျပ်လောက်ရတယ်။ အခုဆိုရင် ၇၃၀ ကျပ်ရတယ်။ အုန်းသီးစျေးတက်နေတာ ရက်နှစ်ဆယ်လောက်ရှိပြီ။ အုန်းသီးဝယ်တဲ့လူတွေက ဒီကအုန်းသီးတွေကို သင်္ဘောနဲ့လာတင်တာပေါ့” ဟု ဦးထွန်းဝင်းက ဆိုသည်။ 

သံတွဲမြို့နယ်၊ ငပလီမြို့တွင်လည်း အုန်းသီးတစ်လုံးကို ဒေသဈေးနှုန်း ၅၀၀ ကျပ်ခန့်ရှိသော်လည်း ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ရန် ဝယ်ယူသည့်အုန်းသီးတစ်လုံးကို ငွေကျပ် ၈၀၀ ခန့်အထိရရှိသဖြင့် အုန်းသီးစိုက်ပျိုးရေး လုပ်ကိုင်သူများအတွက် အဆင်ပြေနေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အခု အုန်းသီးတွေကို ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နေကြတယ်လေ။  ဘင်္ဂလားဒေ့ရှ်ကို တင်ပို့မယ့် အုန်းသီးတွေကို ၇၀၀၊ ၈၀၀ ကျပ် ဈေးနဲ့ ရောင်းရတယ်။ ကျမတို့ ငပလီဈေးကွက်တွေမှာတော့ အုန်းသီးတစ်လုံးကို ၅၀၀ ကျော် ရတယ်။ မနှစ်ကဆိုရင် အုန်းသီးတစ်လုံးကို နှစ်ရာလောက်ပဲရတာ။ ဒီနှစ်မှ ဈေးတက်လာတာ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရခိုင်ဒေသမှ ထွက်ရှိသည့် အုန်းသီးများကို ယခုလ ၁၈ ရက်နေ့မှစတင်ကာ ရက်သတ္တပတ်တွင် တစ်ကြိမ်နှုန်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသည်ဟု သိရသည်။

သို့သော် ရခိုင်ဒေသတွင် အုန်းသီးစိုက်ပျိုးလုပ်ကိုင်သူ နည်းပါးသဖြင့် လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့  တင်ပို့နေသည့် အုန်းသီးရောင်းအားမှာလည်း မကြာမီအချိန်တွင် ပြတ်တောက်သွားနိုင်သည့် အရေးနှင့် ကြုံတွေ့လာရနိုင်သည်ဟု ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း ရခိုင်ကထွက်ရှိသည့် အုန်းသီးများကို ဇန်နဝါရီလမှစတင်ကာ မတ်လအထိ သုံးလသာတင်ပို့နိုင်ခဲ့ပြီး ပြည်တွင်းအုန်းသီး မရရှိတော့သဖြင့် ပြည်မဘက်မှ အုန်းသီးများကို မှာယူကာ ရခိုင်ဒေသမှတစ်ဆင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ရသည်။

“အရင်နှစ်ကလည်း အများကြီးပို့ရပါတယ်။ ကိုယ့်ဆီ(ရခိုင်)က အုန်းသီးတွေပြတ်သွားလို့ ဧရာဝတီဘက်က အုန်းသီးတွေတောင် ဆင်းလာတယ်။ သင်္ဘောက တစ်ပတ်ကို ခြောက်စီးလောက် ပုံမှန်ထွက်တယ်။ အုန်းသီးက ဒီနှစ်လည်း ပြတ်ဦးမှာ။ ဘင်္ဂလားဒေ့ရှ်လူဦးရေ သန်းတစ်ရာ့ခုနစ်ဆယ်က တစ်ယောက်တစ်လုံး စားရင်တောင်မှ ရခိုင်ပြည်ကထွက်တဲ့ အုန်းသီးနဲ့မလောက်ပါဘူး။ မနှစ်က မတ်လလောက်မှာ ရခိုင်ကထွက်တဲ့ အုန်းသီးပြတ်သွားတယ်” ဟု စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်က ပြောသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ကုန်သွယ်မှုများကို ရခိုင်ပြည်အတွင်းရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း တို့မှတဆင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိက ပို့ဆောင်နေသည့် ကုန်စည်များမှာ ဂျင်း၊ ကြက်သွန်၊ ငရုပ်၊ ဇီးယိုနှင့် ရေထွက်ပစ္စည်းများဖြစ်သည်။

#R005

ဗီဒီယိုများ