ရခိုင်တွင် ကိုဗစ်ရောဂါပြန့်ပွားမှုမရှိအောင် နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် တင်းကျပ်စွာဆောင်ရွက်နေဟုဆို

ရခိုင်ပြည်အတွင်းတွင် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရန် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် စည်းကမ်းတကျဖြင့် တင်းကျပ်စွာဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူများကပြောသည်။

27 Jul 2022

၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်းက မောင်တောနယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းတစ်ခုမှ ကုန်သွယ်ရေးပြုလုပ်နေသည့် လှေတစ်စီးအားတွေ့ရစဉ်။


DMG ၊ ဇူလိုင် ၂၇

ရခိုင်ပြည်အတွင်းတွင် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရန် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် စည်းကမ်းတကျဖြင့် တင်းကျပ်စွာဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူများကပြောသည်။

ရခိုင်ပြည်အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် စစ်တွေ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ကုန်သွယ်ပြီး ရခိုင်သို့ပြန်လာသူများကို ကိုဗစ်စည်းကမ်းနှင့်အညီ စနစ်တကျဆောင်ရွက်ပေးနေကြောင်းရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က DMG သို့ပြောသည်။

“ကိုဗစ်ဆေး အကြိမ်ပြည့်ထိုးပြီးသားသူကိုပဲ ကျနော်တို့ ခွင့်ပြုတယ်။ သူတို့သင်္ဘောသွားပြီးလို့ ပြန်လာတဲ့အချိန်မှာ ကျနော်တို့ စစ်ကြည့်လို့ အကြိမ်ပြည့် ဆေးမထိုးထားရသေးဘူးဆိုရင် သူတို့ကို Quarantine ဝင်ခိုင်းပါတယ်။ နှာခေါင်းတို့ဖတ် စစ်တယ်။ positiveတွေ့ရင် ဆေးရုံမှာနေရပါတယ်”ဟု ၎င်းကပြောသည်။

ယခုနှစ် ဇူလိုင်လအတွင်းတွင် ဘင်္ဂလားဒေးရှ်မှ ရခိုင်သို့ပြန်လာသည့် စက်လှေသမား ၅၅ ဦးကို စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းတွင် Quarantine ထားပြီး ကိုဗစ်ရောဂါပိုးရှိ၊မရှိ စစ်ဆေးခဲ့ရာ ဇူလိုင်လ ၄ ရက်နေ့တွင် ၃ ဦး၊ ၇ ရက်နေ့တွင် ၂ ဦး၊ ၈ ရက်နေ့တွင် ၃ ဦးတို့၌ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည်။

ရောဂါပိုးတွေ့ရှိသူများမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်သည့်အတွက် တစ်ချို့ကိုဗစ်လူနာများမှာ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်းလည်း သိရသည်။

“ကျန်းမာရေးအခြေအနေကတော့ အားလုံးကောင်းကြပါတယ်။ တစ်ချို့ဆိုလည်း ဆေးရုံဆင်းသွားကြပါပြီ။ အိုမီခရွန် ဟုတ်၊မဟုတ်စစ်ဆေးဖို့ နမူနာတွေကိုတော့ ဓာတ်ခွဲခန်းပို့ထားပါတယ်။ အဖြေတော့ လက်ရှိမှာမသိရသေးပါဘူး”ဟု ဒေါက်တာ စိုးဝင်းပိုင်က ဆက်ပြောသည်။

ရခိုင်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှု ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ရောဂါပိုးတွေ့ရှိသူ ၄၂၆၄ ဦးနှင့် သေဆုံးသူ ၃၇ ဦးရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်တတိယလှိုင်းတွင်မူ သေဆုံးမှုနှုန်းမှာ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့ထက် သေဆုံးမှုနှုန်း အဆမတန်မြင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့အထိ(တတိယလှိုင်းအတွင်း) ပိုးတွေ့ရှိသည့်အတည်ပြုလူနာ ၅၂၄၇ ဦးရှိခဲ့သည့်အနက် သေဆုံးသူ ၅၀၁ ဦးအထိရှိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ စာရင်းဇယားများအရ သိရသည်။

ယင်းနောက် ရခိုင်ပြည်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှု မတွေ့ရှိရသည့်အခြေနေထိလျော့ကျခဲ့ပြီး ဇူလိုင်လ ပထမအပတ်မှစတင်ကာ စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းတွင် ယခုကဲ့သို့ ကိုဗစ်ပိုးပြန်လည်တွေ့ရှိလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က ပြည်ပမှပြန်လာသည့် မြန်မာနိုင်ငံသားများကို ရောဂါပိုးစစ်ဆေးခဲ့ရာ SARA-CoV-2 Variant Qmicron(အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 တွေ့ရှိသူ ၁ ဦးနှင့် BA.5 ပိုးတွေ့ရှိသူ ၅ ဦးတို့တွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာများကို နေအိမ်များတွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသပေးခြင်းများ ဆောင်ရွက်ပေးနေကြောင်း ကျန်းမာရေးဌာနကထုတ်ပြန်ထားသည်။