ပလက်ဝတွင် နေ့လည် ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပသို့ မထွက်ရန် ကန့်သတ်

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ပိုး ရောဂါကူးစက်ခံရသူများလာသည့်အတွက် နေ့လည် ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပသို့မထွက်ကြရန် ကန့်သတ်လိုက်ကြောင်း သိရသည်။

28 Aug 2021

DMG ၊ သြဂုတ် ၂၈

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ပိုး ရောဂါကူးစက်ခံရသူများလာသည့်အတွက် နေ့လည် ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပသို့မထွက်ကြရန် ကန့်သတ်လိုက်ကြောင်း သိရသည်။

ဈေးဝယ်ယူရန်အတွက် နံနက် ၅ နာရီမှ နေ့လည် ၁၁ နာရီထိသာ တစ်အိမ်မှလူတစ်ဦးကျ ထွက်ခွင့်ရမည်ဖြစ်ပြီး ကန့်သတ်ထားချိန်နောက်ပိုင်းတွင် တာဝန်၊ ကျန်းမာရေး၊ သာရေးနာရေး ကိစ္စဖြင့်ထွက်လိုပါက သက်ဆိုင်ရာထောက်ခံစာဖြင့် သွားလာခွင့်ရမည်ဖြစ်ကြောင်း ပလက်ဝရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကိုဗစ်ပိုးတွေ့ရှိတဲ့သူတွေ အရင်တစ်ရက်နှစ်ရက်လောက်နည်းသွားပေမဲ့ အခုရက်ပိုင်းအတွင်းမှာ ပြည်သူလူထုတွေ မလိုက်နာကြတဲ့အတွက် ပြန်ပြီးတော့များလာတဲ့သဘောဖြစ်သွားတယ်။ အဲ့ဒါကို stay at home နေဖို့အတွက်ရယ် မြို့အတွင်းအထွက်မရှိရဘူး။ တစ်အိမ်ကတစ်ယောက်ပဲ ဈေးဝယ်ခွင့်ထွက်ရမယ်။ အဲ့ဒါလည်း မနက် ၅ နာရီမှ ၁၁ နာရီထိပဲဖြစ်တယ်။ နောက်ပိုင်းထွက်တဲ့သူတွေက အရေးကြီးတဲ့သူတွေနဲ့ မဖြစ်မနေထွက်ရမဲ့ သူတွေပဲဖြစ်တယ်“ ဟု ဆိုသည်။

ပလက်ဝမြို့တွင်နေ့လယ် ၁၁ နာရီနောက်ပိုင်း အရေးပေါ်အပြင်ထွက်လိုပါက သက်ဆိုင်ရာ ရက်ကွက်ထောက်ခံစာယူရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ကိုဗစ်စည်းကမ်းချက်များကိုမလိုက်နာပါက ပထမအဆင့် အနေဖြင့် ဒဏ်ငွေတစ်ထောင် ဆောင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းပြင် ပလက်ဝမြို့မှ မြို့မရပ်ကွက်တွင်ရှိသည့် ရိုမန်ကက်သလစ် စစ်ဘေးရှောင်စခန်းနှင့် ဘောလုံးကွင်းစစ်ရှောင်စခန်းတို့တွင် ကိုဗစ်ပိုးတွေ့လူနာများရှိသည့်အတွက် စခန်းနှစ်ခုလုံးကို သြဂုတ် ၂၇ ရက်နေ့က lockdown ချထားသည်ဟု စခန်းတာဝန်ရှိသူထံမှ သိရသည်။

“ရိုမန်ကက်သလစ်စခန်းမှာ နှစ်ယောက်နဲ့ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းကိုလာရောက်ဆေးကုတဲ့ အမျိုးသမီးတစ်ဦးထံမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့အတွက် မနေ့ကစပြီးတော့ lockdown ချလိုက်တာပါ။ အပြင်ကိုလည်းမထွက်ရတော့ စစ်ဘေးရှောင်တွေမှာ အခက်အခဲတွေဖြစ်တာပေါ့။ ဆန်တစ်ခုတည်းရှိပြီး တခြား ဟာတွေဝယ်စားဖို့အတွက် ပိုက်ဆံမရှိဘူး။ လုံးဝအပြင်မထွက်ပဲ ၁၄ ရက်တောင်နေရမှာဆိုတော့ ကျနော်တို့မှာ ထမင်းတစ်ခုတည်းစားပြီး နေရမဲ့အခြေအနေရှိတယ်“ဟု ဆိုသည်။

ပလက်ဝတွင် ယခုကဲ့သို့နေအိမ်ပြင်ပမထွက်ပဲ stay at home သတ်မှတ်လိုက်သည့်အတွက် ဒေသခံများမှာ ကုန်ပစ္စည်းပြတ်လတ်နိုင်သလို ကုန်ဈေးနှုန်းများမှာလည်း ယခင်ကထက် ဈေးနှုန်းတက်လာနိုင်သည်ဟု ပလက်ဝမြို့ ရွာမရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းစိုးကပြောသည်။

“ဒီလိုမျိုး အသွားအလာကန့်သတ်လိုက်တော့ ကုန်ဈေးနှုန်းတွေ လည်းတက်လာနိုင်တယ်။ ကုန်ပစ္စည်းတွေလည်း ပြတ်လာနိုင်တယ်။ တစ်ရက်လုပ်မှတစ်ရက်စားနေကြတဲ့ လက်လုပ်လက်စားတွေဆိုရင် ပိုပြီးတော့အခက်အခဲဖြစ်လာနိုင်တယ်“ ဟုဆိုသည်။

ပြည်သူများအနေဖြင့် ကိုဗစ်စည်းမျဉ်းစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်မှု ရှိ၊မရှိကို ရဲအပါအဝင် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့မှစတင်ပြီး မြို့ဝင်မြို့ထွက်နေရာများ၊ ရပ်ကွက် များတွင် ကွင်းဆင်းစစ်ဆေးနေကြောင်းလည်း သိရသည်။

ပလက်ဝမြို့တွင် ယမန်နေ့သြဂုတ် ၂၇ ရက်ထိ ကိုဗစ်ပိုးတွေ့လူနာစုစုပေါင်း ၄၂၀ ဦးထိရှိပြီး သေဆုံးသူ ၄ ဦးရှိကာ ဆေးရုံမှဆင်းခွင့်ရသူ ၃၆၅ ဦးရှိကြောင်း ပလက်ဝမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။