အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ရမ်းဗြဲနှင့် မာန်အောင်မှ အုတ်လုပ်ငန်းများ အပျက်အစီးများခဲ့

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် အုတ်လုပ်ငန်းများအပျက်အစီးများခဲ့ပြီး လုပ်ငန်းရှင်များ ဆုံးရှုံးမှုရှိကြောင်း သိရသည်။

05 Apr 2022

DMG ၊ ဧပြီလ ၆

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် အုတ်လုပ်ငန်းများအပျက်အစီးများခဲ့ပြီး လုပ်ငန်းရှင်များ ဆုံးရှုံးမှုရှိကြောင်း သိရသည်။

အဆိုပါမြို့နယ်အတွင်း မတ်လ ၂၂ ရက်နေ့က မိုးတစ်ကြိမ် ရွာသွန်းမှုကြောင့် အုတ်များအပျက်အစီးဖြစ်ခဲ့ကာ ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းကလည်း မိုးထပ်မံရွာသွန်းခဲ့သဖြင့် အုတ်များထပ်မံပျက်စီးမှုရှိကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

"အုတ်တွေက မိုးရွာတော့ အပျက်အစီးကများတယ်။ ဝယ်သူကလဲနည်းတယ်။ ဒီနှစ်အုတ်လုပ်သားတွေအတွက်က လုံးဝအဆင်မပြေဘူး။ ဒီနှစ်မိုးကလဲ ခဏခဏရွာတော့ ပိုဆိုးတယ်"ဟု
အုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုဇော်မင်းနိုင်ကပြောသည်။

မာန်အောင်မြို့နယ်တွင် အုတ်တစ်ချပ်ကို ၁၂၀ ကျပ်မှ ၁၂၅ ကျပ်အထိဈေးရှိနေပြီး ယခုနှစ် သံ၊ ဘိလပ်မြေဈေးများ အဆမတန် မြင့်တက်သည့်အတွက် အုတ်ဝယ်ယူသူနှင့် အိမ်ဆောက်သူများလဲနည်းပါးကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
အလားတူ ရမ်းဗြဲမြို့နယ်တွင်လဲ မိုးရွာသွန်းခြင်းကြောင့် အုတ်များ အပျက်အစီးများခဲ့ကြောင်း ၎င်းမြို့နယ်မှ အုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုသန်းရွှေကပြောသည်။

"ဒီမှာလဲ မိုးက ၃ ခါရွာတယ်။ အဲဒီတော့ အုတ်တွေကတော့ အပျက်အစီးကများတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြဘူး။ အနည်းအများကတော့ အကုန်သူပျက်ကြတာဘဲ။ အုတ်တွေကလဲ ဝယ်သူနည်းတယ်။ ဒီနှစ်အုတ်လုပ်သားတွေကတော့ အဆင်မပြေကြဘူး"ဟု ၎င်းကဆိုသည်။

ရမ်းဗြဲမြို့နယ်အတွင်း အုတ်တစ်ချပ်ကို အိမ်အရောက်ဈေး ၁၂၅ ကျပ်ဖြင့်ရောင်းချလျက်ရှိသည်။ လက်ရှိမှာ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့မှုကြောင့် အရှုံးဖက်ကိုဦးတည်နေသည်ဟု အုတ်လုပ်ငန်းရှင်များက ပြောဆိုသည်။

ဗီဒီယိုများ