လုပ်ငန်းလိုင်စင်ခ မြင့်တက်မှုအပြင် သွင်းအားစုစရိတ်မြင့်လာမှုကြောင့် ရခိုင်က အုတ်ဖုတ်လုပ်ငန်းရှင်များ တွက်ခြေမကိုက်ဖြစ်နေ

ယခင်က အုတ်တစ်ချပ်ကို လိုင်စင်အခွန်ခ တစ်ကျပ်သာရှိခဲ့ပြီး လက်ရှိတွင် အုတ်တစ်ချပ်ကို သုံးကျပ်အထိ တိုးမြှင့်သတ်မှတ်လိုက်သောကြောင့် လိုင်စင်အခွန်ဆောင်ခမှာ နှစ်ဆအထိ မြင့်တက်သွားသည်။ 

By Admin 14 Jan 2023

လုပ်ငန်းလိုင်စင်ခ မြင့်တက်မှုအပြင် သွင်းအားစုစရိတ်မြင့်လာမှုကြောင့် ရခိုင်က အုတ်ဖုတ်လုပ်ငန်းရှင်များ တွက်ခြေမကိုက်ဖြစ်နေ

 

DMG ၊ ဇန်နဝါရီ ၁၄

ရခိုင်ပြည်အတွင်းက အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူများသည် လုပ်ငန်းလိုင်စင်အခွန်ဆောင်ခ မြင့်တက်မှုအပြင် သွင်းအားစုစရိတ် မြင့်တက်လာမှုကြောင့် လုပ်ငန်း ဆက်လက်လည်ပတ်နိုင်ရန် အခက်အခဲရှိနေကြောင်း အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုကြသည်။

ယခင်က အုတ်တစ်ချပ်ကို လိုင်စင်အခွန်ခ တစ်ကျပ်သာရှိခဲ့ပြီး လက်ရှိတွင် အုတ်တစ်ချပ်ကို သုံးကျပ်အထိ တိုးမြှင့်သတ်မှတ်လိုက်သောကြောင့် လိုင်စင်အခွန်ဆောင်ခမှာ နှစ်ဆအထိ မြင့်တက်သွားကြောင်း အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ 

ယခုကဲ့သို့ လုပ်ငန်းလိုင်စင် အခွန်ဆောင်ခ မြင့်တက်နေသည့်အတွက် ရေရှည်တွင် လုပ်ငန်းဖျက်သိမ်းရမည့် အခြေအနေရှိသည်ဟု ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာက အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုညီမောင်အေးက DMG ကို ပြောသည်။

“လျော့လျော့ပေါ့ပေါ့ လုပ်ပေးစေချင်တယ်။ အလုပ်လုပ်ရတဲ့အပိုင်းမှာ လုပ်ငန်းစင်ကလည်း အရေးကြီးတယ်။ ဒါမှလည်း တရားဝင်လုပ်လို့ရမှာ ဖြစ်တယ်။ လုပ်ကိုင်သူတွေမှာလည်း လုပ်ငန်းလုပ်ရတာ ခက်ခဲလာလို့ရှိရင် နောက်ဆို တဖြည်းဖြည်းနဲ့ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ လုပ်ငန်းဖျက်သိမ်းရုံပဲရှိမယ်” ဟု ၄င်းက ပြောသည်။ 

ရခိုင်က အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူများသည် လိုင်စင်အခွန်ဆောင်ခအပြင် မြေနေရာအခက်အခဲ၊ လောင်စာထင်းရှားပါးမှုနှင့် စျေးမြင့်တက်မှု၊ ‌ရာသီဥတုဖောက်ပြန်မှုစသည့် အခက်အခဲများ ရှိနေကြသည်။

ယခင်က အုတ်ဖုတ်လောင်စာ ထင်းတစ်ချောင်းကို ငွေကျပ် ၂၅၀ ခန့်သာရှိခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် ၁,၀၀၀ အထိ ပေးဝယ်နေရသည့်အတွက် ရင်းငွေနှင့် အမြတ်ငွေ တွက်ခြေမကိုက်တော့ကြောင်း စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာက အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူတချို့က ပြောဆိုထားသည်။

“အရင်တုန်းကဆို သိန်းတစ်ရာလောက် ရင်းရတယ်။ အခု သိန်းနှစ်ရာလောက် ရင်းရတယ်။ ထင်းကလည်း အရမ်းစျေးတက်တော့ အကုန်အကျပိုများသွားတယ်။  အရင်က အုတ်တစ်ဖိုအတွက် သိန်းတစ်ရာလောက် ရင်းရင် အခုက နှစ်ရာလောက်ရင်းရတယ်” ဟု သင်္ဂနက်ကျေးရွာက အုတ်ဖုတ်လုပ်ငန်းရှင် ဒေါ်မဝိုင်းချေက ပြောသည်။

လက်ရှိတွင် အုတ်တစ်ချပ်ကို ငွေကျပ် ၁၅၀ မှ ၂၀၀ ကျပ်အထိ ရရှိနေသော်လည်း လုပ်ငန်းရှင်များအတွက် အုတ်တစ်ချပ်မှ အမြတ်ငွေ ကျပ် ၃၀ ခန့်သာ ကျန်ရှိကြောင်း သိရသည်။

အုတ်ဖုတ်လုပ်ငန်းကို ပွင့်လင်းရာသီတွင် လုပ်ကိုင်ကြရခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် နိုဝင်ဘာလမှ မတ်လ အတွင်းမှာသာ လုပ်ကိုင်ကြရခြင်းဖြစ်သည်။ အုတ်ဖုတ်လုပ်ငန်းတစ်ခု လည်ပတ်ရန်အတွက် အနည်းဆုံးလူ ၂၀  ကျော်အထိ လိုအပ်သည့်အတွက် ဒေသတွင်းအလုပ်အကိုင်ကို တစ်ဖက်တစ်လမ်းမှ ဖန်တီးပေးနိုင်သော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ 

လက်ရှိမှာ လုပ်ငန်းလိုင်စင်အခွန်ဆောင်ခ မြင့်တက်မှု၊ လောင်စာ ထင်းစျေးနှုန်းမြင့်တက်မှု စသည့်အခက်အခဲများကြောင့် အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူများမှာ ရေရှည်လုပ်ကိုင်ရန်အတွက် စိန်ခေါ်မှုများရှိနေကြောင်း သိရသည်။ 

အုတ်ဖုတ်လုပ်ငန်းများသည် လူအများအပြားကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးထားနိုင်သောကြောင့် လုပ်ငန်း ပုံမှန်လည်ပတ်နိုင်ရန်အတွက် အစိုးရအနေဖြင့် တစ်ဖက်တစ်လှမ်းက ကူညီဆောင်ရွက်ပေးသင့်ကြောင်း အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုနေကြသည်။

မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာက အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးလှမြင့်က “အုတ်ဖုတ်လုပ်ငန်းက ပိုက်ဆံ အများကြီးရင်းပြီး လုပ်ကိုင်ရတဲ့အလုပ်ဖြစ်တယ်။ တစ်ခါတလေ အုတ်ဖုတ်တာက မအောင်မြင်ဘူးဆိုရင် အရှုံးပေါ်တာတွေလည်းရှိတယ်။ အစိုးရအနေနဲ့ ကျနော်တို့လုပ်ငန်းရှင်တွေရဲ့ ပြဿနာတွေကို ရှင်းစေချင်ရင်တော့ နည်းနည်းပါးပါး ပိုက်ဆံတွေဘာတွေ ချေးပေးမယ်ဆိုရင်တော့ ပိုလို့ အဆင်ပြေတာပေါ့” ဟု ပြောဆိုသည်။ 

လက်ရှိမှာ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေစျေးနှုန်း မြင့်တက်မှုများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများမှာ ရပ်နားထားရမှုများရှိနေသည်။ ထို့ကြောင့် အုတ်ဝယ်သူလည်း နည်းပါးလာသည့်အတွက် ရခိုင်က အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သူများသည် အမြတ်ငွေရရှိမှု နည်းပါးခြင်းနှင့် ရင်ဆိုင်နေကြရသည်။

#I008

ဗီဒီယိုများ