ရခိုင်နှင့် ပလက်ဝတွင် မြန်မာစစ်တပ်နှင့် AA တို့ကြား ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား သြဂုတ်လ ၁၃ ရက်နေ့ကစတင်ကာ ယနေ့အထိ (၃)ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ယနေ့ထုတ်ပြန်သည်။

15 Aug 2022

Photo - AA Info Desk


DMG ၊ သြဂုတ် ၁၅

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား သြဂုတ်လ ၁၃ ရက်နေ့ကစတင်ကာ ယနေ့အထိ (၃)ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ယနေ့ထုတ်ပြန်သည်။

သြဂုတ်လ(၁၃)ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ရခိုင်က နေရာ(၃)ခုနှင့် ပလက်ဝဒေသအတွင်း (၁)နေရာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများမှာ ရခိုင်ပြည်နယ်ရှိ ရသေ့တောင်မြို့၊ ဒုံးပိုက်ကျေးရွာ မြောက်ဘက်တွင် တစ်ကြိမ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာ၏ မြောက်ဘက်တွင် တစ်ကြိမ်၊ မောင်တောဒေသ ရခိုင်-ဘင်္ဂလာနယ်စပ် မိုင်တိုင် ၄၀ ၏ အနောက်ဘက်နှင့် ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာမြောက်ဖက်တို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟုလည်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြဂုတ်လ(၁၃)ရက်၊ ပထမဆုံးသောတိုက်ပွဲမှာ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာ၏ မြောက်ဖက် (၁ ဒသမ ၅)ကီလိုမီတာအကွာအဝေး၌ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းထားသော စစ်ကြောင်းတစ်ခုနှင့် နံနက်(၇)နာရီ (၃၅)မိနစ်မှ နံနက် (၉)နာရီ (၃၀)မိနစ်ခန့်အထိ နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး ပြင်းထန်သော တိုက်ပွဲတစ်ပွဲဖြစ်ခဲ့ကြောင်းဆိုသည်။

အဆိုပါ ဒုံးပိုက်ရွာအနီးတိုက်ပွဲသည် AA တပ်ဖွဲ့ရှိရာနေရာသို့ မြန်မာစစ်တပ်နှင့် ၎င်းတို့၏ ပူးပေါင်းတပ်များ ဝင်ရောက်လာခြင်းဖြစ်ပြီး ယင်းတိုက်ပွဲအတွင်း မြန်မာစစ်တပ်ဖက်မှ သေဆုံးသူ (၃၁)ဦးအထိရှိခဲ့ပြီး AA ဘက်မှလည်း သေဆုံးသူတချို့နှင့် ဒဏ်ရာရသူများရှိခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ အဆိုပါတိုက်ပွဲတွင် မြန်မာစစ်တပ်ထံမှ ၆၀ မမ ပြောင်းရှည်(၁)လက်၊ MA-3 (၁၅)လက်၊ MA-1 (၆)လက်၊ MA-4 (၂)လက်၊ ပီစတို (၁)လက်၊ ဆက်သွယ်ရေးစက် (၁)လုံး၊ GPS (၂)လုံး၊ ဂျန်မာစက် (၁)လုံး အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းအများအပြားကိုသိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။

ထို့အတူ ဒုတိယတိုက်ပွဲမှာ သြဂုတ်လ(၁၃)ရက်၊ နေ့လယ် (၁၂)နာရီခန့်က မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာ၏ မြောက်ဖက် (၂ ဒသမ ၂)ကီလိုမီတာအကွာအဝေး၌ မြန်မာစစ်တပ်၏ ခလရ(၂၇၀)နှင့် ဖြစ်ပွားခဲ့သေးသည်။

တစ်နာရီခွဲကျော်ကြာဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲအတွင်း၌လည်း မြန်မာစစ်တပ်ဘက်က (၆)ဦးကျဆုံးပြီး AA ဘက်မှလည်း ဒဏ်ရာရသူ (၂)ဦးရှိခဲ့ရာ မြန်မာစစ်တပ်ထံမှ လက်နက်ငယ် (၄)လက်၊ ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးရိက္ခာများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းနေ့၌ တတိယဖြစ်ပွားသည့်တိုက်ပွဲမှာ မောင်တော-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ်(၄၀) အနောက်တောင်ဖက် (၁)ကီလိုမီတာအကွာအဝေးတွင် မြန်မာစစ်တပ်၏ ခမရ(၃၅၂) တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်အချို့၊ ပီစတို (၂)လက်၊ MG 43 စက်သေနတ် (၁)ခု၊ ဒရုန်း (၂)စီး၊ Jammer (၁)ခု၊ ဆက်သွယ်ရေး ဂြိုလ်တုဖုန်း (၁)လုံး၊ မိုင်းမျိုးစုံအပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ ဆေးဝါးရိက္ခာအမြောက်အမြားပါဝင်သော ခြင်းကျားအလုံး (၃၀)ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် သြဂုတ်လ(၁၃)ရက်နေ့တွင် ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာမြောက်ဖက် (၁ ဒသမ ၂)ကီလိုမီတာအကွာ အဝေး၌လည်း နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ခိုက်မှုများရှိခဲ့သည်။ အဆိုပါတိုက်ပွဲတွင် မြန်မာစစ်တပ်ဖက်မှ AA ရှိရာ နေရာသို့ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ သြဂုတ်လ (၁၄)ရက်နေ့၌ မြန်မာစစ်တပ်သည် ပလက်ဝဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသော နေရာများသို့ပါ ၎င်းတို့အခြေချ အထိုင်စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို နံနက်(၁၀)နာရီ (၃၀)မိနစ်ခန့်မှ စတင်ပြီး တစ်နေ့လုံးနီးပါး တောက်လျှောက်ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင်လည်း ပလက်ဝမြို့နယ် စိမ့်ညှင်းဝကျေးရွာနှင့် နှမဒါကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ငယ် ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများက DMG ကိုပြောသည်။ အဆိုပါ တိုက်ပွဲဖြစ်ပွားသည့်နေရာများသို့ ပလက်ဝအခြေစိုက် ခလရ (၂၈၉)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း သိရသည်။

မြန်မာစစ်တပ်သည် လက်နက်ကြီးများဖြင့် AA တပ်စခန်းရှိရာနေရာများသို့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းများပေါ်မှ ဗုံးချတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် တိုက်ပွဲဧရိယာမှာ ပိုမိုများပြားလျက်ရှိပြီး တကျော့ပြန်တိုက်ပွဲများလည်း ပြင်းထန်လာဖွယ်ရှိကြောင်း AA ကဆိုသည်။

ထို့အတူ သြဂုတ်လ (၁၅)ရက်နေ့တွင်လည်း မြန်မာစစ်တပ်သည် လက်နက်၊ ခဲယမ်း၊ လူအင်အားရွှေ့ပြောင်းခြင်းများကို ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးများဖြင့် ဒေသအနှံ့ ရွှေ့ပြောင်းလျက်ရှိနေသောကြောင့် တိုက်ပွဲများ ယခုထက်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာနိုင်ဖွယ်ရှိသဖြင့် ဒေသခံများကို စစ်ရေးသတိရှိစေရန် AA က တိုက်တွန်းထားသည်။

အဆိုပါ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေမှုအပါအဝင် AA ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။