ရခိုင်တွင် ပြန်ပေးဆွဲမှု ထပ်မံမဖြစ်ပွားရန် လုပ်ဆောင်နေဟု AA ပြော

ရခိုင်ပြည်အတွင်း ပြန်ပြေးဆွဲသည့်ပုံစံမျိုး ဆက်လက်လုပ်ဆောင်မည်ဆိုပါက သည်းခံခွင့်လွှတ်သွားမည်မဟုတ် ဟု ရက္ခိုင့်တပ်တော် (ULA/AA) က ပြောကြားလိုက်သည်။

11 Jul 2022

DMG ၊ ဇူလိုင် ၁၁

ရခိုင်ပြည်အတွင်း ပြန်ပြေးဆွဲသည့်ပုံစံမျိုး ဆက်လက်လုပ်ဆောင်မည်ဆိုပါက သည်းခံခွင့်လွှတ်သွားမည်မဟုတ် ဟု ရက္ခိုင့်တပ်တော် (ULA/AA) က ပြောကြားလိုက်သည်။

မောင်တောမြို့နယ်မှ ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပြေးဆွဲခံရခြင်းမှာ ရခိုင်ပြည်အတွင်း ပထမဆုံးအကြိမ်ဆိုလိုသကဲ့သို့ ပြန်ပြေးဆွဲခံရခြင်းလည်းဖြစ်ပြီး ထိုလုပ်ရပ်မှာ ရခိုင်ပြည်သူလူထုကို တိုက်ရိုက်ခြိမ်းခြောက် နေခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားသည်။

“ဒီဟာက ဝန်ထမ်းပဲဖြစ်ဖြစ်၊ ဝန်ထမ်းမဟုတ်သူပဲဖြစ်ဖြစ် ဒီကိစ္စက ရခိုင်ပြည်သူတစ်ယောက်ချင်းစီရဲ့လုံခြုံရေးနဲ့ ဆက်စပ်တဲ့ကိစ္စဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ နောက်ထပ်ဒီလိုကိစ္စမျိုးမဖြစ်ရအောင် ပြန်ပြေးဆွဲ လူတွေဖက်ကိုပဲဖြစ်ဖြစ် တစ်ခြားနည်းလမ်းတွေနဲ့ပဲဖြစ်ဖြစ် နောက်ထပ်မဖြစ်ဖို့ အကောင်းဆုံးကြိုးစားထားတယ်” ဟု ရက္ခိုင့်တပ်တော်(ULA/AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

သို့သော် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် မည်သို့နည်းလမ်းများနှင်ကြိုးစားဆောင်ရွက်ခဲ့သည်ကို ဦးခိုင်သုခက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြန်ပြေးဆွဲမှုနှင့်ပတ်သက်၍ ထပ်မံမဖြစ်ပွားရေး ကြိုးစားမှုများဆောင်ရွက်ရာ၌ ရာနှုန်းပြည့် အပြည့် အဝတားဆီးနိုင်မှုမရှိဘဲ ဘင်္ဂလားဒေ့ရှ်ကဲ့သို့ နိုင်ငံအတွင်းမှာတောင်မှ ပြန်ပြေးဆွဲမှု နေ့တိုင်းဖြစ်ပွားနေသော်လည်း အပြည့်အဝ မတားဆီးနိုင်သေးကြောင်း ဦးခိုင်သုခက ဆက်၍ပြောသည်။

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာတွင် တာဝန်ကျနေသည့် မူလတန်းကျောင်းအုပ် ဦးဘိုဝင်းနှင့် ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်တို့နှစ်ဦးမှာ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က အလုပ်ကိစ္စနှင့် မြို့နယ်ပညာရေးမှူးရုံးသို့သွားစဉ် ပြန်ပြေးဆွဲခံခဲ့ရသည်။

အဆိုပါ ပညာရေးဝန်ထမ်းနှစ်ဦးမှာ ပြန်ပြေးဆွဲသမားများမှ တောင်းဆိုသည့် ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၅၀ နှင့် ပြန်ရွေးခဲ့ရပြီး တစ်ပတ်ခန့်အကြာ ဇွန်လ ၂၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ပညာရေးဝန်ထမ်းနှစ်ဦးပြန်ပြေးဆွဲခံရသည့် ကိစ္စမှာလည်း မြန်မာအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရအား နိုင်ငံရေးအရဖိအားပေးမှု၊ အခြားသံတမန်ရေးကိစ္စအရ ဖိအားပေး၍သော်လည်းကောင်း လုပ်ဆောင်ခြင်းမရှိဘဲ ပြန်ပြေးဆွဲသမားများနှင့်သာ ညှိနှိုင်းကာ ဆောင်ရွက်ခဲ့ကြောင်းကို တွေ့ရှိရသည်ဟု AA ကဆိုသည်။

“ဒီကိစ္စတွေဟာ ငွေကြေးပေးတဲ့ အစဉ်အလာရှိလာခဲ့မယ်ဆိုရင် နောက်ထပ်ဖြစ်လာဖို့အတွက် အန္တရာယ်ကြီးတယ်”ဟု ဦးခိုင်သုခ ပြောသည်။

ယင်းကြောင့် ပြန်ပြေးဆွဲခံရသည့် ကိစ္စများထပ်မံမဖြစ်လာအောင် ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်သူလူထုအနေဖြင့်လည်း သတိရှိရှိသွားလာနေထိုင်ကြရန်နှင့် ထိုကိစ္စရပ်များဖြစ်ပွားနိုင်သည့် နေရာများသို့သွားလာမှုကို ရှောင်ရှားရန် AA ကတိုက်တွန်းထားသည်။