- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ALD တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံ သုံးဦးကို စွဲဆိုထားသည့် ပုဒ်မနှစ်ခုမှ ၅၀၅ (က) ကို ရုပ်သိမ်း
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီဝင်တစ်ဦး အပါအဝင် တောင်ကုတ်ဒေသခံသုံးဦးကို စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နှင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ တို့ထဲမှ နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မကို ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းပေးလိုက်ကြောင်း သိရသည်။
30 Jun 2021
DMG ၊ ဇွန် ၃၀
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီဝင်တစ်ဦး အပါအဝင် တောင်ကုတ်ဒေသခံသုံးဦးကို စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နှင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ တို့ထဲမှ နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မကို ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းပေးလိုက်ကြောင်း သိရသည်။
ယနေ့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများကို လွှတ်ပေးသည့်အထဲတွင် ALD ပါတီ ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တောင်ကုတ်ဒေသခံ ကိုလှိုင်မင်းထွန်း (ခ) သားကြီးနှင့် ကိုဇာနေထူးတို့ ပါဝင်လာခြင်းဖြစ်သည်။
“၅၀၅ (က) ကိုတော့ အမှုရုပ်သိမ်းပြီးတော့ လွှတ်တယ်လို့ပြောတယ်။ ဒီငြိမ်းစုစီကိုကျတော့ တရားသူကြီးသူက နောက်လ ငါးရက်နေ့မှာ ရုံးချိန်းအတိုင်း စီရင်မယ်လို့ပြောတယ်။ ကျနော်တို့ကတော့ ချုပ်ရက်က လေးလကျော် သွားပြီ။ ငြိမ်းစုစီနဲ့ဆိုရင် အပြစ်ဒဏ်က သုံးလပဲချလို့ရမယ်။ အပြစ်ဒဏ်ချရင်လည်း ကျနော်တို့က အပြစ်ဒဏ် ကျခံပြီးသားဖြစ်တယ်။ လွတ်လည်းလွတ်မယ်။ သူတို့က ရုံးပိတ်တဲ့အခါနီးတဲ့ဖြစ်တဲ့အတွက် ငါးရက်နေ့အတွက် အာမခံပေးလိုက်မယ်ဆိုပြီး လုပ်လိုက်ပါတယ်” လွတ်မြောက်လာသည့် ဦးကျော်ကျော်လင်းက ပြောသည်။
၎င်းတို့သုံးဦးကို ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သော်လည်း လက်ရှိတွင် နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မတစ်ခုတည်းကိုသာ ရုပ်သိမ်းပေးလာခြင်းဖြစ်သည်။
“သူတို့သုံးဦးဟာ တစ်နေရာတည်း၊ တစ်ချိန်တည်းမှာ ဆန္ဒပြခဲ့ကြတယ်။ သူတို့ကို ဥပဒေပုဒ်မ ၂ ခုနဲ့ တရားစွဲတယ်။ ငြိမ်းစုစီပုဒ်မ ၁၉ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က) နဲ့ပေါ့။ အခုက ၅၀၅ (က) ကို ရုပ်သိမ်းပေးတယ်။ ငြိမ်းစုစီကျ ရုပ်သိမ်းတာမှာ မပါဘူး။ ဆိုတော့ ငြိမ်းစုစီနဲ့ပတ်သတ်လို့ လာမည့် ၅ ရက်နေ့ တရားခွင်ကို ရောက်မှပဲသိရမယ်” အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။
ALD ပါတီဝင် ကိုကျော်ကျော်လင်းအပါအဝင် တောင်ကုတ်ဒေသခံ သုံးဦးတို့သည် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က တောင်ကုတ်မြို့ပေါ်၌ အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်စဉ် ရဲနှင့်မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ယင်းနောက် ၎င်းတို့သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တောင်ကုတ်မြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်မှ တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သလို ငြိမ်းစုစီပုဒ်မဖြင့်လည်း တောင်ကုတ်မြို့နယ် ဒု-ရဲမှူး ဇော်လတ်က တရားလိုလုပ်ပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။