- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အဆာနီမုန်တိုင်းဖြတ်ကျော်မည့် ရန်ကုန်၊ ဧရာဝတီ၊ မွန်နှင့် ရခိုင်တို့၌ မုန်တိုင်းအန္တရာယ်အတွက် လူမှုကူညီရေးအဖွဲ့များမှ သတိထားဆောင်ရွက်နေ
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းမှဖြစ်ပေါ်နေသော မုန်တိုင်းငယ်(အဆာနီ) စတင်ဖြတ်ကျော်မည့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်နှင့် မွန်ပြည်နယ်တို့၌ မုန်တိုင်းဘေးအန္တရာယ်အတွက် အသင့်အနေအထားဖြင့် သတိထားဆောင်ရွက်နေကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။
21 Mar 2022
DMG ၊ မတ် ၂၁
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းမှဖြစ်ပေါ်နေသော မုန်တိုင်းငယ်(အဆာနီ) စတင်ဖြတ်ကျော်မည့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်နှင့် မွန်ပြည်နယ်တို့၌ မုန်တိုင်းဘေးအန္တရာယ်အတွက် အသင့်အနေအထားဖြင့် သတိထားဆောင်ရွက်နေကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။
ရန်ကုန်တိုင်း ကိုကိုးကျွန်းနှင့် ဧရာဝတီတိုင်း လပွတ္တာ၊ မအူပင်၊ ဟိုင်းကြီးကျွန်း၊ ငရုပ်ကောင်းကျွန်း၊ ချောင်းသာနှင့် ငွေဆောင်မြို့နယ်တို့၌ ယမန်နေ့ မတ်လ ၂၀ ရက်နေ့နှင့် ယနေ့နေ့လည်အချိန်၌ မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းနေပြီး ပင်လယ်အနီးရှိဒေသခံများမှာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းမှုများရှိနေသည်။
ဧရာဝတီတိုင်း လပွတ္တာမြို့ဒေသခံတစ်ဦးမှ “မနက်အစောပိုင်းက လေပြင်းတွေကော မိုးတွေပါအရမ်းရွာနေလို့ ပင်လယ်နဲ့နီးတဲ့ရွာသားတွေ အခုမြို့ပေါ်ကို မုန်တိုင်းလာရှောင်နေကြပါတယ်။ အခုကတော့ မိုးရော လေရောခနငြိမ်နေပါတယ်။ မိုးကတော့ဖွဲဖွဲပြန်ရွာနေတယ်”ဟု DMG ကိုပြောသည်။
ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့နယ်အနီးအနားသို့ မုန်တိုင်းငယ်အရှိန်ဖြင့် လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုကြောင့် ဒေသခံများမှာ မုန်တိုင်းဘေးလွတ်ရာအဆောက်အဦးများထံသို့ စတင်ရွှေ့ပြောင်း ပေးနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
ထို့အပြင် မုန်တိုင်းငယ်(အဆာနီ)သည် ယနေ့မှနောက် ၆ နာရီအတွင်း၌ အင်အားအသင့်အတင့်ရှိသော ဆိုင်ကလုန်းမုန်တိုင်းအာဆနီအဖြစ်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင်များမှ သတိပေး ပြောဆိုထားသည်။
မုန်တိုင်းဖြစ်ပေါ်မှုကြောင့် ဧရာဝတီတိုင်းရှိ ပင်လယ်ကမ်းခြေများသို့ ယာဉ်သွားလာမှုကို ခေတ္တယာယီ ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
အာဆနီမုန်တိုင်း အဖျားခတ်မှုရှိနိုင်သည့် မွန်ပြည်နယ် ပေါင်နှင့် မော်လမြိုင်မြို့နယ်တို့၌လည်း မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာစဉ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ အသင့်ပြင်မှုများရှိကြောင်း မော်လမြိုင်မြို့ရှိ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးမှ ဆိုသည်။
“မုန်တိုင်းစမဖြစ်ခင်နဲ့ ဖြစ်နေတဲ့အချိန်မှာကောပေါ့ အထူးသဖြင့် မော်လမြိုင်နဲ့ပေါင်တို့မှာ ရေကြီးတာတို့၊ မြေပြိုတာတွေရှိလာနိုင်တဲ့အတွက် အသင်းအဖွဲ့တွေကို အဆင်သင့်ဖြစ်ဖို့သတိပေးထားပါတယ်။ မီးသတ်တပ်ဖွဲ့တို့ ကြက်ခြေနီအဖွဲ့တို့နဲ့ ချိတ်ဆက်မှုတွေလည်းရှိနေပါတယ်”ဟု ၎င်းမှဆိုသည်။
မုန်တိုင်းငယ်(အဆာနီ)မှာ နောက် ၂၄ နာရီအတွင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ရောက်ရှိကာ ရန်ကုန်တိုင်း ကိုကိုးကျွန်း၊ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းနှင့် ရခိုင်ပြည်ကမ်းရိုးတန်းဒေသသို့ စတင်ဖြတ်ကျော်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့်အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားကြောင်း မိုးလေဝသ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မတ်လ ၂၁ ရက် နံနက်အချိန်၌ သတိပေးထုတ်ပြန်ထားသည်။