- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်ကမ်းရိုးတန်းရှိ မြို့နယ်အချို့မှဒေသခံများ မုန်တိုင်းအန္တရာယ်ကာကွယ်ရန် ဘေးလွတ်ရာသို့ပြောင်းရွှေ့
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ် ၆ မြို့နယ်မှ ဒေသခံများမှာ မုန်တိုင်းအန္တရာယ်မှကာကွယ်နိုင်ရန် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။
22 Mar 2022
DMG ၊ မတ်လ ၂၂
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ် ၆ မြို့နယ်မှ ဒေသခံများမှာ မုန်တိုင်းအန္တရာယ်မှကာကွယ်နိုင်ရန် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။
အားကောင်းသည့်မုန်တိုင်းငယ်(Deep Depression) ဝင်ရောက်ချိန်နီးကပ်လာသောကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ ပင်လယ်ကမ်းခြေနှင့်နီးကပ်စွာ နေထိုင်နေသည့်ပြည်သူများမှာ လုံခြုံမည့်နေရာများသို့ ပြောင်းရွှေ့နေခြင်းဖြစ်သည်။
ပြည်နယ်စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက “မုန်တိုင်းကကျရောက်တော့မှာဖြစ်တဲ့အတွက် ကမ်းရိုးတန်းမြို့နယ်က ဒေသခံတွေကို ဘေးလွတ်ရာကိုပြောင်းရွှေ့ဖို့ခိုင်းထားတယ်။ ဆိုင်ကလုန်း Shelter ရှိတဲ့နေရာတွေဆိုရင် အဲဒီနေရာကို ပြောင်းခိုင်းထားတယ်”ဟု ၎င်းကဆိုသည်။
ကျောက်ဖြူခရိုင် ကမ်းရိုးတန်းတစ်လျှောက် ကျေးရွာအုပ်စု ၄၅ စုမှ အိမ်ထောင်စု ၃၈၃၆ စုနှင့် လူဦးရေ ၁၇၉၃၉ ဦးကို မုန်တိုင်းအန္တရာယ်မှ လွတ်မြောက်နိုင်မည့်နေရာများကို ပြောင်းရွှေ့ရန်ပြင်ဆင်ထားပြီးဖြစ်သည်ဟု ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်ကပြောသည်။
ယနေ့ (မတ်လ ၂၂ ရက်)မွန်းလွဲအချိန်ထိ ကျောက်ဖြူမြို့နယ်မှ အိမ်ထောင်စု ၄၁၂ စုနှင့် လူဦးရေ ၁၇၇၉ ဦး၊ ရမ်းဗြဲမြို့နယ်မှ အိမ်ထောင်စု ၂၆၄ စု၊ လူဦးရေ ၉၆၃ ဦးနှင့် မာန်အောင်မြို့နယ်မှ အိမ်ထောင်စု ၄၀ စု။ လူဦးရေ ၂၂၄ ဦးထိ စုစုပေါင်းလူဦးရေ သုံးထောင်ခန့်ကို မုန်တိုင်းအန္တရာယ်မှလွတ်မြောက်နိုင်သည့် နီးစပ်ရာဆိုင်ကလုန်း Shelter များ၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း စသည့်နေရာများကို ပြောင်းရွှေ့ထားပြီဖြစ်ကြောင်း သိရသည်။
“လောလောဆယ်တော့ လူဦးရေသုံးထောင်လောက်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ထားပြီ။ ထပ်ပြီးတော့လည်း ပြောင်းရွှေ့နေတယ်။ မုန်တိုင်းအန္တရာယ်ကျရောက်တဲ့အခါ သူတို့စားဝတ်နေရေးအဆင်ပြေဖို့အတွက်လည်း ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးတွေလည်း အဆင်သင့်လုပ်ထားပါတယ်။ အဓိကတော့ မုန်တိုင်းကျရောက်မဲ့ ကမ်းရိုးတန်းတစ်လျှောက်ကကျေးရွာအုပ်စုတွေကို အဓိက ပြောင်းရွှေ့နေပါတယ်”ဟု ဆိုသည်။
အလားတူ စစ်တွေမြို့နယ် IDP Camp တချို့မှ ဒုက္ခသည်များကိုလည်း ကုန်းမြင့်နေရာများသို့ ယနေ့နံနက်ပိုင်းက စတင်ပြောင်းရွှေ့နေသည်ဟု စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကပြောဆိုသည်။
“ဒီနေ့မနက်ပိုင်းကစပြီးတော့ သူတို့ကို ကုန်းမြင့်နေရာတွေကို ပြောင်းရွှေ့ပေးနေတယ်။ လူဦးရေ ဘယ်လောက်လည်းဆိုတာတော့ ကျနော်တို့လည်းအတိကျမသိရသေးဘူး။ အဓိကတော့ အန္တရာယ်ကျရောက်ချိန်မှာ အလွယ်တကူပြောင်းရွှေ့ဖို့ အဆင်မပြေတဲ့ သက်ကြီးပိုင်း၊ ကလေးငယ်တွေကို ပြောင်းရွှေ့နေပါတယ်”ဟု ၎င်းကဆိုသည်။
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်(Deep Depression)ကို အနီရောင်အဆင့်သတ်မှတ်ထားပြီဖြစ်သည်။
အဆိုပါအားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ နံနက်မှ မတ်လ ၂၃ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့်နေရာကွက်ကျား မိုးကြီးနိုင်သည်ဟု မိုးဇလကထုတ်ပြန်ထားသည်။
မတ်လ ၂၂ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် DMG ၏ ဒေသခံအချို့ကို ဆက်သွယ်မေးမြန်းရာ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တွင် တိမ်ထူထပ်နေပြီး လေတိုက်မှုအနည်းငယ်ပြင်းထန်နေကာ မိုးအနည်းငယ်ရွာသွန်းနေပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ကမ်းရိုးတန်းအနီးရှိ မြို့နယ်တချို့တွင် မုန်တိုင်းဒဏ်ခံနိုင်သည့် ဆိုင်ကလုန်း Shelter ၅၇ လုံးကို အသင့်အနေထားပြင်ဆင်ထားသည်ဟု ပြည်နယ်စစ်ကောင်စီမှ သိရသည်။