စစ်ကောင်စီမိုင်းကြောင့် ကျိန္တလီဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ 

ဂွမြို့နယ်၊ ကျိန္တလီမြို့မှ ဒေသခံတစ်ဦးမှာ မြို့အရှေ့ဘက် ပင်လယ်ကမ်းခြေ၌ သောင်တင်နေသော သစ်တုံးသစ်စများကို သွားကောက်စဉ် မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။

By Admin 03 Aug 2024

မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူသွားသည့် ကျိန္တလီဒေသခံ။ ဓာတ်ပုံ - CJ
မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူသွားသည့် ကျိန္တလီဒေသခံ။ ဓာတ်ပုံ - CJ

DMG ၊ ဩဂုတ် ၃

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှ ဒေသခံတစ်ဦးမှာ ဩဂုတ်လ ၂ ရက်က စစ်ကောင်စီ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။  

အသက် (၄၁)နှစ်အရွယ် ဦးကိုကြီးမှာ မြို့အရှေ့ဘက် ပင်လယ်ကမ်းခြေ၌ သောင်တင်နေသော သစ်တုံးသစ်စများကို သွားကောက်စဉ် မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ပြတ်ထွက်သွားသည်။ 

“ပင်လယ်ကမ်းစပ်မှာ ဒီရေနဲ့အတူတင်ကျန်နေတဲ့ သစ်တုံးတွေကို ထင်းအဖြစ်သုံးဖို့ သွားကောက်တာ။ အဲဒီအချိန် မိုင်းနင်းမိလို့ အခုလိုဖြစ်သွားတာ” ဟု ကျိန္တလီဒေသခံတစ်ဦးက ပြောသည်။

မိုင်းနင်းလူနာမှာ ကျိန္တလီဆေးရုံ၌ ဆေးကုသမှုခံယူနေပြီး ငွေးကြေးအခက်အခဲရှိ၍ ဆေးဝါးကုသရန် အကူအညီများ လိုအပ်နေသည်။  

ဂွမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားပြီး ကားလမ်း၊ တောတောင်၊ တောစပ် စသည့် ဒေသခံများသွားလာလှုပ်ရှားသည့် နေရာများတွင် မြေမြှုပ်မိုင်းထောင်ထားသည်။  

ပင်လယ်ပြင်ငါးဖမ်းခွင့်ကို ပိတ်ပင်ထားသည့်အပြင် လုပ်ကိုင်စားသောက်သည့် နေရာများတွင် မိုင်းထောင်ထား၍ ဂွဒေသခံများမှာ အခက်အခဲများ ကြုံတွေ့နေရသည်။ 

“အခုဆိုရင် စစ်ကောင်စီက ပင်လယ်ကိုလည်း ပိတ်ထားတယ်။ တောတောင်တွေမှာလည်း မိုင်းထောင်ထားတယ်။ တံငါသည်တွေ၊ တောတောင်ကို အားကိုးနေကြရသူတွေ အခြေခံလူတန်းစားတွေအားလုံး အငတ်ဘေးဆိုက်မှာ စိုးရိမ်နေကြရပြီ” ဟု ဂွမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ဂွမြို့နယ်တွင် စစ်ကောင်စီ၏ မြေမြှုပ်မိုင်းကြောင့် အရပ်သားသေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရသူ ၃ ဦးအထိရှိလာသည်။