- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မွေးရာပါ စအိုပေါက်မပါသည့် ကလေးတစ်ဦး ခွဲစိတ်ကုသရန် အကူအညီလိုအပ်နေ
မွေးရာပါစအိုပေါက်မပါသည့်အတွက် ၂၀၂၀ ပြည့်နှစ်က စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အစာဟောင်းအူမကြီးကို အပြင်သို့ထုတ်ခဲ့ရကာ လက်ရှိတွင်လည်း ထိုအူမကြီးမှတဆင့် အလေးစွန့်ထုတ်မှုကို ပြုလုပ်နေရသည်။
21 Jan 2023
ခွဲစိတ်ကုသရန် အကူအညီလိုအပ်နေသည့် ကလေးငယ်။
DMG ၊ ဇန်နဝါရီ ၂၁
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်မှ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ မွေးရာပါ စအိုပေါက်မပါသည့်အတွက် ခွဲစိတ်ကုသနိုင်ရန် ငွေကြေးအကူအညီများ လိုအပ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။
အဆိုပါကလေးငယ်မှာ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်အုပ်စု၊ ဂန္ဓရူးကျေးရွာ(ခမီ)မှ ကိုလှမောင်နှင့် မစန္ဒာတို့၏ သား မောင်ထက်မြတ်အောင်ဖြစ်သည်။
၎င်းမှာ မွေးရာပါစအိုပေါက်မပါသည့်အတွက် ၂၀၂၀ ပြည့်နှစ်က စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အစာဟောင်းအူမကြီးကို အပြင်သို့ထုတ်ခဲ့ရကာ လက်ရှိတွင်လည်း ထိုအူမကြီးမှတဆင့် အလေးစွန့်ထုတ်မှုကို ပြုလုပ်နေရသည်။
ဆေးကုသမှုခံယူရန်အတွက် ရန်ကုန်မြို့မှ ပန်းလှိုင်ဆေးရုံနှင့် ချိတ်ဆက်ထားသော်လည်း ငွေကြေးအခက်အခဲ ရှိနေသည့်အတွက် ခွဲစိတ်ကုသမှု မပြုလုပ်နိုင်သေးကြောင်း မောင်ထက်မြတ်အောင်၏ ဖခင် ကိုလှမောင်ကပြောသည်။
“ကျနော်တို့ ရန်ကုန်ရောက်နေတာ ၁၈ ရက်လောက်ရှိပြီ။ ပိုက်ဆံမတတ်နိုင်တဲ့အတွက် ဘုန်းကြီးကျောင်းမှာနေပြီး ဆေးရုံတွေ သွားပြတာ ဆေးရုံ(၅)ခုလောက်ရှိပြီ။ တစ်ခုမှ အဆင်မပြေဘူး။ နောက်မှ ပန်းလှိုင်ဆေးရုံက အဆင်ပြေတယ်။ အူကို အထဲပြန်ထည့်မှာပါ။ ဆရာဝန်က ခွဲစိတ်ကုသခ စုစုပေါင်း သိန်း ၆၀ လောက် ကုန်ကျမယ်ပြောတယ်။ ဒါပေမယ့် ကျနော်တို့မှာ ပိုက်ဆံမတတ်နိုင်တဲ့အတွက် ခွဲစိတ်ကုသမှု မပြုလုပ်နိုင်သေးဘူး”ဟု ၄င်းကပြောသည်။
သားဖြစ်သူကို ခွဲစိတ်ကုသရန်အတွက် ၎င်းတို့နေထိုင်သည့် နေအိမ်ကိုရောင်းချကာ ရန်ကုန်သို့ လာရောက်ခဲ့သော်လည်း လက်ရှိတွင် ခွဲစိတ်ကုသရန် ငွေကြေးလုံလောက်မှုမရှိသေးကြောင်း ကိုလှမောင်က ဆက်ပြောသည်။
မောင်ထက်မြတ်အောင်၏ အစာဟောင်းအူမကြီး၌စွတ်ထားရသည့် ပလက်စတစ်အိတ်ကပ်တစ်ခုလျှင် ၈၅၀၀ ကျပ်ရှိပြီး တစ်ရက်ခွဲအတွင်း အသစ်တစ်ခုစီလှဲပေးရကြောင်း သိရသည်။
“အခက်အခဲကတော့ ပိုက်ဆံ သိပ်အခက်အခဲရှိပါတယ်။ ပလက်စတစ်အိတ် သိပ်ဝယ်ရပါတယ်။ တစ်ရက်နဲ့ တစ်မွန်းတည်းဆိုရင် ပလက်စတစ်အိတ် တစ်ခုစီဝယ်ရပါတယ်။ ပြီးရင် ရေနွေးလေးနဲ့ သန့်ရှင်းရေး လုပ်ပေးရပါတယ်။ ပလက်စတစ်အိတ်ကို လတိုင်းဝယ်ရပါတယ်။ လမ်းစရိတ်တွေနဲ့ဆိုရင် တစ်လမှာ ၃ သိန်းလောက် ကုန်ပါတယ်။ လမ်းပိတ်ထားတုန်းကဆိုရင် အိတ်ကကုန်နေပြီ။ မှာလို့မရသေးတာကြောင့် ဂွမ်းနဲ့အုပ်ထားရပါတယ်”ဟု ကိုလှမောင်က ပြောသည်။
မောင်ထက်မြတ်အောင်မှာ အစာဟောင်းအူမကြီးကို အပြင်သို့ ထုတ်ထားရသည့်အတွက် ပိုးမွှားများဝင်ရောက်မည်ကို စိုးရိမ်မိသည်ဟု ဖခင်ဖြစ်သူက ဆက်ပြောသည်။
“ကလေးက ငိုတယ်ဆိုရင် တစ်ထွာလောက် အူက ပြန်ထွက်လာတယ်။ အငိုတိတ်တော့မှ အူက ပြန်ပြီးဝင်သွားတယ်။ အူက အပြင်ကို ထုတ်ထားရတာဆိုတော့ ကလေးလမ်းလျှောက်ပြီး မထင်မှတ်ဘဲ လဲကျသွားရင် ပွန်းပဲ့မှာ၊ ပိုးဝင်မှာကို စိုးရိမ်ရပါတယ်”ဟု ကိုလှမောင်က ဆိုသည်။
ကလေးငယ်၏ မိဘများမှာ ဘူးသီးတောင်မြို့နယ်၊ ဂန္ဓရူးကျေးရွာ(ခမီ)ရွာတွင် ဟင်းသီး၊ ဟင်းရွက်များရောင်းချကာ လုပ်ကိုင်စားသောက်နေသည့် ဈေးသည်များဖြစ်ကြသည်။
လက်ရှိတွင် မောင်ထက်မြတ်အောင်အတွက် ခွဲစိတ်ကုသမှုပြုလုပ်ရန် အကူအညီလိုအပ်နေပြီး အကူအညီပေးမည်ဆိုလျှင် ဖခင်ဖြစ်သူ ကိုလှမောင်၏ ဖုန်းနံပါတ် 09,456,385,039 သို့ ဆက်သွယ်ကူညီနိုင်ပါသည်။
#I001