- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း တပ်ဖွဲ့ဝင်(၅)ဦး ကျဆုံးကာ အများအပြားဒဏ်ရာရ
အမျိုးသားတပ်ဦး (CNF/CNA) ဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်သုံးစီးဖြင့် ရုတ်တရက် ဗုံးကြဲခဲ့မှုကြောင့် တပ်ဖွဲ့ဝင်အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး ကျဆုံးခဲ့ကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
11 Jan 2023
ဗုံးကြဲခံရမှုကြောင့် CNF ဌာနချုပ်စခန်းမှ အဆောက်အဦးအချို့ ပျက်စီးခဲ့မှုအား မြင်တွေ့ရစဉ်။
DMG ၊ ဇန်နဝါရီ ၁၁
ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ် ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး ဌာနချုပ် (CNF/CNA) တည်ရှိရာသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်(၅)ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့က အမျိုးသားတပ်ဦး (CNF/CNA) ဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်သုံးစီးဖြင့် ရုတ်တရက် ဗုံးကြဲခဲ့မှုကြောင့် တပ်ဖွဲ့ဝင်အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး ကျဆုံးခဲ့ကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ချင်းအမျိုးသား ကာကွယ်ရေး တပ်မတော် (CDF) နှင့် နီးစပ်သူက ပြောသည်။
“ညနေ ၄ နာရီခွဲဝန်းကျင်မှာ CNF ဌာနချုပ်ရှိတဲ့ ဝိတိုရိယ စခန်းဘက်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်သုံးစီးနဲ့ ဗုံးကြဲသွားတယ်။ ဗုံးကြဲခံနေရတုန်း ရဲဘော်တွေက ဗုံးခိုကျင်းတွေဘက် ပြေးရှောင်ရင်း မြေစာပိပြီး သုံးဦးအသက်ဆုံးရှုံးတယ်။ အမျိုးသမီးရဲဘော်နှစ်ဦးက နေရာမှာပဲ ပွဲချင်းပြီးကျဆုံးတယ်။ ဒဏ်ရာရတဲ့သူက ဆယ် ၁၀ ဦးဝန်းကျင်ရှိနေပါတယ်” ဟု CDF နှင့် နီးစပ်သူက ပြောသည်။
ယင်းသို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် CNF ဌာနချုပ်အတွင်းရှိ အဆောက်အအုံ (၇) ခုထက်မနည်း ပျက်စီးသွားခဲ့ပြီး အိန္ဒိယနိုင်ငံဘက်ခြမ်းသို့လည်း ဗုံးသီးတချို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အဆိုပါနီးစပ်သူ၏ ပြောဆိုချက်အရ သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်သူများမှာ ဝမ်းနည်းခြင်းကို ပြသသည့်အနေဖြင့် လက်ရှိ ဟားခါးမြို့တွင် စျေးဆိုင်အများအပြားကို ပိတ်သိမ်းလိုက်ပြီး လူအသွားအလာ ကင်းမဲ့နေကြောင်းလည်း သိရသည်။
ဟားခါးမြို့ခံတစ်ဦးက “ဟားခါးမြို့ထဲမှာတော့ အသွားအလာ မရှိတော့ဘူး။ စျေးဆိုင်တွေလည်း ပိတ်လိုက်တယ်။ မြို့ပြင်က ဟားခါး-ထန်တလန်ကားလမ်းမှာ စစ်တပ်တွေ နေရာယူထားတာ တွေ့ရတယ်” ဟု ဆိုသည်။
စစ်ကောင်စီက CNF ဌာနချုပ်ရှိရာ စခန်းအား တိုက်လေယာဉ်များ အသုံးပြု တိုက်ခိုက်ခြင်းသည် ချင်းလူမျိုးတို့၏ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းလိုသော စိတ်ဓာတ်ကို တွန်းအားပိုဖြစ်စေကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က မနေ့က သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများသည် အလွန်ပင် မှားယွင်းသည့်လုပ်ရပ် ဖြစ်ပြီး လူမျိုးရေးအရ ပြန်လည် ဖြေဆည်ရာ ခက်ခဲသည့် စိတ်ဒဏ်ရာများကို ပိုမို နက်ရှိုင်း ခိုင်မာသွားစေမည် ဖြစ်ကြောင်းနှင့် စစ်ကောင်စီအပေါ် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဋ္ဌာန်ကို ပိုမို အားသစ်လောင်းပေးရာ ရောက်ကြောင်းလည်း ICNCC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းထံ ဖုန်းဆက်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။
CNF ဌာနချုပ် စခန်းအား ဗုံးကြဲတိုက်ခိုက်မည့် အခြေအနေနှင့်ပတ်သက်ပြီး ၂၀၂၂ နိုဝင်ဘာလအတွင်းက သတင်းများထွက်ပေါ်ခဲ့ပြီး ဌာနချုပ်အား ဝေဟင်မှ ကင်းထောက်လေယာဉ်များဖြင့် ပျံသန်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည့် မှတ်တမ်းများကိုလည်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်ခဲ့သည်။
ယခုတိုက်ခိုက်မှုသည် စစ်ကောင်စီက ၂၀၂၃ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တနိုင်ငံလုံးတွင် ၁ နှစ်တာ အပစ်ရပ်စဲကြောင်း ကြေညာပြီးနောက် ၁၀ ရက်အကြာတွင် CNF ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
CNF သည် တနိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော်လည်း လက်ရှိတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တိုက်ပွဲများ ဖြစ်ပွားနေသည့် အဖွဲ့လည်းဖြစ်သည်။
#F004