မြန်မာနိုင်ငံ အိမ်ထောင်ရှင်အလှမယ်ရွေးချယ်ပွဲအား စစ်တွေမြို့တွင် ပထမဆုံးကျင်းပသွားမည်

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများတွင် ခရီးသွားလုပ်ငန်းများ ယခင်ထက်ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ အိမ်ထောင်ရှင်အလှမယ်ရွေးချယ်ပွဲ (  Mrs. ETHNIC TOURISM 2022 ) ကို ယခုနှစ် အောက်တိုဘာလတွင် စစ်တွေမြို့၌ ပထမဆုံး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

16 Jul 2022

DMG ၊ ဇူလိုင် ၁၆

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများတွင် ခရီးသွားလုပ်ငန်းများ ယခင်ထက်ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ အိမ်ထောင်ရှင်အလှမယ်ရွေးချယ်ပွဲ (  Mrs. ETHNIC TOURISM 2022 ) ကို ယခုနှစ် အောက်တိုဘာလတွင် စစ်တွေမြို့၌ ပထမဆုံး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံ အိမ်ထောင်ရှင်အလှမယ်ရွေးချယ်ပွဲအား အသက် ၂၀ မှ ၅၅ နှစ်အထိ အိမ်ထောင် ရှိအမျိုးသမီးများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး အသက်အရွယ်အလိုက်ခွဲပြီး Winner Crown သုံးခုအား ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 “ ဒီရခိုင်ပြည်ကိုယ်စားပြုအတွက်ကတော့ ပွဲအကြီးမကျင်းပတော့ပဲ လူရွေးပွဲလေး လုပ်ပြီးရွေးချယ်သွားမယ်။ ပြီးရင်သူတို့ကို ဒီ Mrs. ETHNIC TOURISM 2022 မှာဝင်ပြိုင်နိုင်အောင် ကျနော်တို့ AKYAB STARS ကလေ့ကျင့်မှုတွေပြုလုပ်ပေးသွားမယ်။ဒီပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်လိုက်တာနဲ့ ကိုယ့်ကို ကိုယ်ယုံကြည်မှုတွေ၊ ကိုယ့်ရဲ့ ပျောက်ကွယ်နေတဲ့အရည်အချင်းတွေကို ရှာဖွေဖော်ထုတ်နိုင်လိမ့်မယ်လို့တော့ ကျနော်မြင်တယ်”ဟု AKYAB STARS Arts and Talents Centreတည်ထောင်သူ ကိုစံသာက ပြောသည်။

ထို့ပြင် Mrs. ETHNIC TOURISM 2022 တွင် ရခိုင်ပြည်ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား ရခိုင်ပြည် စစ်တွေမြို့အခြေစိုက် AKYAB STARS Arts and Talents Centreမှ စနစ်တကျ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ Final ပွဲကိုစစ်တွေမှာ ကျင်းပသွားမှာဖြစ်ပြီးတော့ ပြိုင်ပွဲကာလအတွင်းမှာ မြောက်ဦးကို ခရီးထွက်တဲ့ အပိုင်းတွေ  ၊ activities တွေလုပ်ဆောင်သွားဖို့ရှိတယ်။ ပြိုင်ပွဲဝင်တွေကတော့ Camps ကာလတစ်လျှောက်လုံးမှာ Challengesတွေကိုတော့ အဆင့်ဆင့်ကျော်ဖြတ်ယှဉ်ပြိုင်သွားရမှာပါ။ Camps ကာလကတော့ ခုနစ်ရက်ကနေ ဆယ်ရက်အထိတော့ကြာနိုင်ပါတယ်”ဟုကိုစံသာကဆက်ပြောသည်။

အသက် ၂၀ မှ ၃၀ နှစ်အတွင်း အနိုင်ရရှိသူမှာ ဆုကြေးငွေ သိန်း ၅၀ကျပ် ၊ အသက် ၃၀ မှ ၄၀နှစ်အတွင်း အနိုင်ရရှိသူမှာ ဆုကြေးငွေ သိန်း ၃၀ကျပ် ၊ အသက် ၄၀ မှ ၅၅ နှစ်အတွင်း အနိုင်ရရှိသူမှာ ဆုကြေးငွေ သိန်း ၂၀ကျပ် အား အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 Mrs. ETHNIC TOURISM 2022 တွင်ရခိုင်ပြည်ကိုယ်စားပြုအ‌နေဖြင့် ဝင်ရောက်ယှဉ်ပြိုင်လိုပါက ရခိုင်ပြည်နယ် စစ်တွေမြို့၊ လမ်းမတော်မြောက်ရပ်ကွက် ၊ရေနံလမ်းရှိ AKYAB STARS Arts and Talents Centre တွင် စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။