ကျောက်ဖြူတွင် ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံး 

ကျောက်ဖြူမြို့နယ် ကုလာဘာ၊ ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင်၊ အုန်းတော၊ မလကျွန်း၊ ပြင်ရှည် စသည့် ကျေးရွာများအနီးရှိ လယ်ကွင်းပြင်နှင့် တောတောင်တို့တွင် စစ်ကောင်စီတပ်က မကြာခဏလာရောက်ပြီး မြေမြှုပ်မိုင်းထောင်မှုများရှိကြောင်း ဒေသခံများက ပြောသည်။ 

By Admin 31 Aug 2024

ကျောက်ဖြူမြို့တွင်း တစ်နေရာကို ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။ 
ကျောက်ဖြူမြို့တွင်း တစ်နေရာကို ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။ 

DMG ၊ ဩဂုတ် ၃၁

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ငှက်ပျောချောင်းကျေးရွာမှ သက်ကြီးပိုင်းအမျိုးသားတစ်ဦးမှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိကာ သေဆုံးသွားကြောင်း သိရသည်။  

အသက် (၆၉)နှစ်အရွယ် ဦးထောင်ဝေဇံမှာ ဩဂုတ်လ ၃၀ ရက်နေ့က လယ်ကွင်းအနီးတွင် နွားကျောင်းနေစဉ် မိုင်းနင်းမိသဖြင့် ကျောက်ဖြူဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်မှုကြောင့် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။ 

“ဘယ်ဘက်ဒူးနေရာက ပြတ်ထွက်သွားတယ်။ ပြီးတော့ ညာဘက်ပေါင်နဲ့ ခါးအောက်ပိုင်းတစ်ခုလုံးလည်း ဒဏ်ရာပြင်းထန်သလို ခန္ဒာကိုယ်အပေါ်ပိုင်းမှာလည်း မိုင်းဒဏ်ရာတွေရပြီး သေဆုံးသွားတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းနင်းမိသည့်နေရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက စစ်ကောင်စီနှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်။ 

ကျောက်ဖြူမြို့နယ် ကုလာဘာ၊ ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင်၊ အုန်းတော၊ မလကျွန်း၊ ပြင်ရှည် စသည့် ကျေးရွာများအနီးရှိ လယ်ကွင်းပြင်နှင့် တောတောင်တို့တွင် စစ်ကောင်စီတပ်က မကြာခဏလာရောက်ပြီး မြေမြှုပ်မိုင်းထောင်မှုများရှိကြောင်း ဒေသခံများက ပြောသည်။ 

“ရွာအနီးက သီးနှံစိုက်ခင်းနဲ့ လယ်ကွင်းလို နေရာအထိ မိုင်းတွေထောင်သွားကြတာ။ ရွာအနီးက မိုင်းတွေကိုတော့ AA က ရှင်းလင်းရေးတွေ လုပ်ပေးပေမယ့် ရွာနဲ့နည်းနည်းဝေးတဲ့ နေရာတွေမှာဆို ခြေချဖို့နေရာမရှိအောင် သူတို့(စစ်ကောင်စီ)က ထောင်ထားခဲ့တာ”  ဟု ပြိုင်းစေ့ကေ ကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီမိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေပြီး ဇူလိုင်လအတွင်း အောင်စေတီကျေးရွာမှ အသက် (၅၀) ကျော်အရွယ် ဦးမောင်ဝေသိန်းမှာ ဟင်းရှာနေစဉ် မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက်ပြတ်သွားခဲ့သည်။  

ဒေသခံများအမှီပြုလုပ်ကိုင်စားသောက်သည့် တောင်တော၊ လယ်ကွင်းပြင်းနှင့် ရွာအနီးပတ်ဝန်းကျင်နေရာများတွင် စစ်ကောင်စီက မြေမြှုပ်မိုင်းထောင်မှုရှိနေ၍ အခက်အခဲများ ကြုံတွေ့နေရသည်။  

“စစ်ကောင်စီက AA တိုက်ခိုက်လာမှာကိုကြောက်လို့ မြို့ကိုဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေမှာ အခုလို မြေမြှုပ်မိုင်းထောင်းပြီး အကာကွယ်လုပ်နေတာ။ ဒီဒေသက လူတွေမှာ လမ်းခရီးသွားလာခွင့် ပိတ်ခံထားရတော့ တောတောင်တွေမှာ ရှာဖွေစားသောက်ပြီး ရုန်းကန်နေကြတာ။ အခု အသက်န္တရာယ်ကြားမှာ ဝမ်းရေးအတွက် သွားလာနေကြတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ 

DMG စာရင်းအရ ကျောက်ဖြူမြို့နယ် အုန်းတော၊ ကုလားဘာ၊ မလကျွန်း၊ ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင်၊ အောင်စေတီ စသည့် ကျေးရွာများတွင် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂ ဦးထိရှိသည်။ 

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိပြီး မြို့တစ်ခုလုံးကို AA က ပိတ်ဆို့ဖြတ်တောက်ထားသည်။