မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကိုရပ်တန့်ရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆို

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများရပ်တန့်ရန် ယနေ့(ဒီဇင်ဘာလ ၁၀ ရက်)တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

10 Dec 2021

DMG ၊ ဒီဇင်ဘာလ ၁၀

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများရပ်တန့်ရန် ယနေ့(ဒီဇင်ဘာလ ၁၀ ရက်)တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

နိုင်ငံအတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ခံစားလာရကြောင်း အရပ်ဖက်အဖွဲ့အစည်းများကဆိုသည်။

လက်ရှိကာလတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဖက်ကို ဦးတည်ရမည့်အစား လူ့အခွင့်အရေးချိုးဖောက်မှုများကို ဦးတည်လုပ်ဆောင်လာနေသည်ဟု ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူကပြောသည်။

“စစ်အာဏာရှင်စနစ်အောက် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ၂၀၁၀ ကစပြီး လုပ်ဆောင်လာတယ်။ ပိုပြီးမှ တိုးတက်ပြောင်းလဲတဲ့ ဒီမိုကရေစီဖက်ဦးတည်မယ့်အစား အခုလိုမျိုးစစ်အာဏာသိမ်းမှုနဲ့အတူ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်လာတာက အရမ်းကိုအရုပ်ဆိုးတယ်ပေါ့။ ဒီအနေအထားကနေပဲ တကယ်တိုးတက်ပြောင်းလဲမှုဖက်ကို ဦးတည်တဲ့ဆွေးနွေးမှုတွေနဲ့အတူ ဒီမိုကရေစီလမ်းကြောင်းဖက်ကို ဦးတည်ဖို့မျှော်လင့်တယ်”ဟု ဒေါ်စောစံငြိမ်းသူက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ လူ့အခွင့်အရေးဆိတ်သုန်းနေဆဲဖြစ်ကြောင်း ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ထောက်ပြပြောဆိုသည်။

“တိုင်းရင်းသားတွေလည်း လူ့အခွင့်အရေးဆုံးရှုံးနေတာတယ်ရှိတယ်။ တိုင်းရင်းသားမဟုတ်တဲ့ အစ္စလာမ်ဘာသာဝင်တွေ အခွင့်အရေးဆုံးရှုံးနေတယ်။ နောက်တစ်ခါ နိုင်ငံသားတွေလို့ပြောတဲ့ လူတွေလည်းဆုံးရှုံးနေရတယ်။ လူ့အခွင့်အရေးနေ့ကို အသိအမှတ်ပြုတဲ့အနေနဲ့ လမ်းပေါ်ထွက်တာတောင်မှ ခွင့်ပြုမိန့်ယူနေရတယ်ဆိုကတည်းက လူ့အခွင့်အရေးချိုးဖောက်ခံနေရတုန်းပဲဆိုတာကို ဖော်ထုတ်ပြသနေတာဖြစ်တယ်”ဟု ဦးခိုင်ကောင်းစံကပြောသည်။

အုပ်ချုပ်သူအစိုးရအနေဖြင့် အဆိုပါဥပဒေများနှင့်ချုပ်ကိုင်နေသမျှ လူ့အခွင့်အရေးချိုးဖောက်နေသည်မှာ အစိုးရသာဖြစ်ကြောင်းကို ထုတ်ဖော်ပြသနေခြင်းဖြစ်သည်ဟု ဦးခိုင်ကောင်းစံက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်နှစ်တာဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခကာလအတွင်း အရပ်သားများထိခိုက်မှုများနှင့် ဖမ်းဆီးခံရသူအများအပြားရှိခဲ့သည့်အပြင် နေအိမ်များမီးရှို့ခံရမှု၊ ဖမ်းဆီးခံရပြီးပျောက်ဆုံးနေသူများ စသည့်လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်။

လက်ရှိအချိန်တွင်လည်း အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်(၉)သောင်းကျော်အထိရှိပြီး သံသယဖြင့်ဖမ်းဆီးခံရသူများမှာလည်း နှစ်ရှည်လများ ချုပ်နှောင်ခံနေရဆဲဖြစ်သည်။

ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက “အကြမ်းဖက်နဲ့ ဆက်စပ်တယ်ဆိုပြီး သက်သေအထောက်အထားမပေါ်ပေါက်ဘဲ နှစ်ရှည်လများဖမ်းဆီးခံရနေ တယ်။ အဲဒါက လူ့အခွင့်အရေးဆုံးရှုံးနေရတယ်။ မတရားဖမ်းချုပ်နှောင်ထားခြင်းဖြစ်တယ်”ဟု ပြောသည်။

ရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ စစ်ရေးကာလတွင်အများအပြားရှိခဲ့ပြီး လက်ရှိဒေသတည်ငြိမ်နေသော်လည်း အဆိုပါချိုးဖောက်မှုများ ဆက်လက်ရှိနေသေးသည်ဟု Women Generation အဖွဲ့၏ ဒါရိုက်တာဖြစ်သူ မခင်မြင့်ဇော်က ပြောသည်။

“ဒီနေ့အထိ စစ်ဘေးရှောင်တွေနေရပ်မပြန်နိုင်သေးတဲ့အရေးတွေရှိတယ်။ ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် ရိက္ခာထောက်ပံ့ရေးကိစ္စတွေမှာ စစ်ကောင်စီက ဟန့်တားတဲ့ပုံစံမျိုးတွေ ခရီးသွားလာခွင့်ကို ကန့်သတ်တဲ့ပုံစံတွေရှိနေတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကျွန်မတို့နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေဆဲပေါ့။ ဒီနေ့ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကစပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတိုက်ထုတ်ကြဖို့ပြောချင်တယ်”ဟု မခင်မြင့်ဇော်ကပြောသည်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် Women Generation အဖွဲ့မှဦးဆောင်ပြီး စစ်တွေမြို့တွင် နှင်းဆီပန်းပေးသည့် ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါကမ်ပိန်းတွင် “တန်းတူညီမျှခြင်း၊ မညီမျှမှုများကိုလျှော့ချလို့ လူ့အခွင့်အရေးကိုမြှင့်တင်စို့” စာသားချိတ်ဆွဲထားသည့် နှင်းဆီဖြူများကို လမ်းသွားလမ်းလာသူများအားပေးခဲ့ကြသည်။