ကျောက်ဖြူမြို့နယ်မှ လူငယ် ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာမှ လူငယ်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 24 Jun 2024

စစ်ကောင်စီ၏ ကျောက်ဖြူအခြေစိုက် ၅၄၂ တပ်ရင်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက တွေ့ရစဉ်။
စစ်ကောင်စီ၏ ကျောက်ဖြူအခြေစိုက် ၅၄၂ တပ်ရင်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက တွေ့ရစဉ်။

DMG ၊ ဇွန် ၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာမှ လူငယ်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အသက် (၂၅)နှစ်အရွယ် သင်္ကြန်အောင် (ခ) ကိုစိုးချေနှင့် အသက် (၂၂)အရွယ် ကိုစိုးဝင်းမြင့်တို့မှာ ပြီးခဲ့သည့် ဇွန် ၂၂ ရက်၊  နံနက် ၁၁ နာရီကျော်က အုန်းတောရွာအတွင်းရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

“သင်္ကြန်အောင်ဆိုတဲ့သူက အလယ်တန်းကျောင်းနားမှာ ထိုင်နေတာ။ အဲဒါကို လာဖမ်းသွားတာ၊ နောက်တစ်ယောက်ကိုတော့ ကြက်ဝိုင်းကနေ ဖမ်းသွားတာဖြစ်ပါတယ်။ နေ့လည် ၁ နာရီလောက်မှာတော့ အဲဒီနှစ်ယောက်စလုံးကို စစ်ကားတစ်စီးနဲ့ မြို့ထဲဘက်သို့ ခေါ်သွားတာကိုတွေ့ရတယ်” ဟု အမည်မဖော်လိုသည့် အုန်းတောကျေးရွာသားတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ သိရှိနိုင်ရန် မိသားစုဝင်များကို ဆက်သွယ်နေဆဲဖြစ်သည်။ ၎င်းတို့နှစ်ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း လတ်တလောတွင် မသိရသေးပါ။

အုန်းတောကျေးရွာမှ နောက်ထပ် အမျိုးသားတစ်ဦးက “ဖမ်းတာကတော့ ဒီရွာအနီးက ဓာတ်တောင်ဆိုတဲ့ နေရာမှာ လုံခြုံရေးယူထားတဲ့ စစ်သားတွေက လာဖမ်းတာပါ။ ရွာကလူတွေက ဘာကြောင့်ဖမ်းတာလဲလို့ အဲဒီလာဖမ်းတဲ့ စစ်သားတွေကိုမေးတဲ့အခါမှာ အပြစ်ရှိလို့ဖမ်းတာ ဒီလောက်ပဲပြောတယ်။ ဘာကြောင့်ဆိုတာ အတိအကျ မပြောဘူး” ဟု ပြောသည်။

အုန်းတောကျေးရွာမှ ခြေလျှင် ၁၅ မိနစ်ခန့်သွားရသည့် ဒေသအခေါ် ဓာတ်တောင်ပေါ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းချထားကြသည်။

လက်ရှိတွင် လူငယ်နှစ်ဦး ဖမ်းဆီးခံရမှုဖြစ်စဉ်ကြောင့် ကျေးရွာအတွင်းမှ နောက်ထပ်လူငယ်များမှာလည်း စိုးရိမ်စိတ်ဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

DMG ၏စာရင်းအရ ရခိုင်တွင် တတိယအကြိမ်တကျော့ပြန်တိုက်ပွဲ စတင်ချိန်မှစ၍ ကျောက်ဖြူမြို့နယ်အတွင်းက ဒေသခံ ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ယင်းအထဲမှ ၁၀၀ ကျော်ကို ပြန်လည်လွှတ်ပေး ခဲ့သော်လည်း ဒေသခံ ၈၄ ဦးထက်မနည်းကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား စစ်ရေးတင်းမာမှုများ ရှိနေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျေးရွာ ၃၀ ခန့်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

တရုတ်စီမံကိန်းများတည်ရှိရာ ကျောက်ဖြူဒေသတွင် စစ်ကောင်စီနှင့် AA တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများလည်း ရှိနေသည်။

ဗီဒီယိုများ