- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၁၀၀၀ ကျော်ရှိလာ
ရခိုင်ပြည်တွင် ဇန်နဝါရီလမှ ယခုလအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၀၉ ဦးအထိရှိလာပြီး စစ်တွေမြို့နယ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
30 Jul 2022
DMG ၊ ဇူလိုင် ၃၀
ရခိုင်ပြည်တွင် ဇန်နဝါရီလမှ ယခုလအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၀၉ ဦးအထိရှိလာပြီး စစ်တွေမြို့နယ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းမှာ လတိုင်းတွင်ရှိခဲ့ပြီး မေလနှင့် ဇွန်လတို့မှစ၍ သိသိသာသာတိုးလာကာ ဇူလိုင်လအတွင်းတွင် ၅၆၉ ဦးအထိ အများဆုံးဖြစ်ပွားခဲ့ပြီး သေဆုံးမှုမရှိသေးကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က DMG သို့ပြောသည်။
“သွေးလွန်တုပ်ကွေးက ခြင်ကျားကိုက်လို့ဖြစ်တာ။ သွေးလွန်တုတ်ကွေးပိုးကို သယ်ဆောင်နိုင်တဲ့ ခြင်ကျားကနေဖြစ်တာ။ ခြင်ကျားက အလင်းရောင်ရှိတဲ့အချိန်မှာ ကိုက်တယ်။ အဲ့တာက ရေကြည်ရေသန့်မှာ ပေါက်တယ်။ ဒါကြောင့် မိုးရွာပြီးရင် ရေအိုင်ထဲမှာ ရေဝပ်ကျန်ခဲ့တာတို့၊ ဘုရားပန်းအိုးတို့ အဲဒီထဲမှာပေါက်တယ်။ မိုးရာသီမှာ ခြင်ပေါက်ဖွားမှုများတာဖြစ်တဲ့အတွက် သွေးလွန်တုတ်ကွေး ပိုပြီးတော့အဖြစ်များတာပေါ့”ဟု သူကပြောသည်။
သွေးလွန်တုတ်ကွေးရောဂါသည် များသောအားဖြင့် ကလေးငယ်များတွင် အဖြစ်များတတ်ပြီး ယခုနောက်ပိုင်းတွင် လူကြီးများလည်းဖြစ်ပွားလာကြောင်း သိရသည်။ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားလျှင် ကလေးငယ်များ အသက်ဆုံးရှုံးနိုင်သောကြောင့် အိမ်ဘေးနားရှိ ရေအိုင်များ၊ ချိုင့်ခွက်များတွင် မိုးရွာလျှင် ရေမတင်ကျန်စေရန် ရေစီးမြောင်းဖောက်ကာ ခြင်အန္တရာယ်ကာကွယ်ကြရန် ကျန်းမာရေးဌာနက သတိပေးထုတ်ပြန်ထားသည်။
ရောဂါမဖြစ်ပွားအောင် ကျန်းမာရေးဌာနအနေဖြင့်လည်း ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် မိမိနေအိမ်ပတ်ဝန်းကျင်တွင် ခြင်မပေါက်ဖွားရန် ပူးပေါင်းကာကွယ်သင့်ကြောင်း ဒေါက်တာ စိုးဝင်းပိုင်ကပြောသည်။
“အဓိက သွေးလွန်တုတ်ကွေးမဖြစ်ဖို့အတွက် ခြင်မကိုက်အောင်နေရမယ်။ ခြင်မကိုက်အောင်နေဖို့ဆိုရင် နေ့လည်နေ့ခင်းအိပ်ရင်လည်း ခြင်ထောင်နဲ့အိပ်ရမှာပေါ့နော်။ ပြီးရင် ကလေးတွေကျောင်းသွားရင်လည်း ခြင်မကိုက်ရအောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီအရှည် အဲလိုလေး လုံခြုံရင်တော့ ခြင်ကိုက်သက်သာမယ်။ ပြီးရင် ခြင်ပြေးစေတဲ့ဆေးတွေလိမ်းလို့ရတယ်။ ခြင်ပြေးတဲ့ စတေကာတွေ ကပ်လို့ရတယ်။ ဖြန်းဆေးတွေဖြန်းပေးလို့ရတယ်။ ဒါတွေက ခြင်အကိုက်မခံရအောင် နေထိုင်တာပေါ့နော်။ သွေးလွန်တုတ်ကွေးမဖြစ်ရအောင် ပြည်သူလူထု ပူပေါင်းပါဝင်ကာကွယ်နိုင်တာကတော့ ခြင်မပေါက်အောင်လုပ်တာပါပဲ”ဟု သူကပြောသည်။
ရခိုင်ပြည်တွင် ၂၀၂၁ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၂၁ ဦးနှင့် ၂၀၁၉ ခုတွင် ၁၈၀၈ ဦးရှိခဲ့ကာ သေဆုံးသူ ၈ ဦးရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ စာရင်းအရသိရသည်။