- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၂၈၀ ကျော်အထိရှိလာ
ရခိုင်ပြည်နယ်တွင် ၂၀၂၁ ဇန်နဝါရီလမှ ဇူလိုင် ၂၆ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၈၂ ဦး ရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
30 Jul 2021
DMG ၊ ဇူလိုင် ၃၀
ရခိုင်ပြည်နယ်တွင် ၂၀၂၁ ဇန်နဝါရီလမှ ဇူလိုင် ၂၆ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၈၂ ဦး ရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ လက်ရှိအချိန်၌ စစ်တွေမြို့နယ်တွင် ၉၅ ဦးအထိ အများဆုံးဖြစ်ပွားနေပြီး သံတွဲတွင် ၆၀ ဦး၊ ရသေ့တောင်တွင် ၂၇ ဦး၊ ကျောက်ဖြူတွင် ၂၆ ဦးတို့ အပါအဝင် တခြားမြို့နယ်တချို့တွင်လည်း အနည်းငယ်ဖြစ်ပွားမှုရှိကြောင်း သိရသည်။
“ကျနော်တို့က အခုပိုးလောက်လန်းကင်းစင်တဲ့ (abate)ဆေး တော်တော်များများခတ်ထားတယ်။ နောက်သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့နေရာတွေမှာ ဆေးမှုတ်တာတွေကိုတော့ လုံးဝမရပ်ဘူး” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရောဂါပိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါကာကွယ်နှိမ်နှင်းရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘူးသီးတောင်နှင့် ဂွမြို့နယ်တို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိကြောင်း အဆိုပါရောဂါကာကွယ် နှိမ်နှင်းရေးအဖွဲ့မှ သိရသည်။
လက်ရှိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူများမှာ အသက် ၂ နှစ်မှ ၉ နှစ်အရွယ်တို့တွင် အများဆုံးဖြစ်ပွားနေခြင်းဖြစ်ပြီး လူကြီးပိုင်းတို့တွင် တစ်ခါတစ်ရံဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်ပတ်ဝန်းကျင်တွင် ခြင်များမပေါက်ပွားအောင် သန့်ရှင်းရန်လိုအပ်ကြောင်း၊ ရောဂါသယ်ဆောင်သော ပိုးမွှား ကောင်များမှတစ်ဆင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ကူးစက်တက်သောရောဂါကာကွယ်နှိမ်နှင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဒီရောဂါက နေ့ခင်းဘက်မှာ ကိုက်တဲ့ခြင်ကျားကြောင့်ဖြစ်တဲ့အတွက် ကလေးတွေကို ခြင်ထောင်နဲ့ လုံလုံခြုံခြုံထားဖို့လိုအပ်တယ်။ ခြင်ကိုက်မခံရအောင်ထားဖို့လိုတယ်။ ပြည်သူတွေအနေနဲ့လည်း (Home Stay)နေတဲ့အချိန်မှာ ပိုးလောက်လန်းတွေမပေါက်ပွားအောင် ကိုယ့်အိမ်ကိုသန့်ရှင်းရေးလုပ်တာ၊ ဘုရားပန်းအိုး၊ ညောင်ရေအိုးကအစ သုံးရက်တစ်ကြိမ်လဲမယ်ဆိုရင် သွေးလွန်တုပ်ကွေးကို တော်တော်များများထိန်းချုပ်နိုင်မယ်ထင်တယ်” ဟု သူကပြောသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ဖြစ်ပွားစေပြီး လူကြီး/လူငယ်၊ ကျား/မ မရွေးဖြစ်ပွားတတ်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။
ကျန်းမာရေးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် အိမ်သုံးရေကန်များ၊ ရေစည်များ abate ပိုးလောက်လန်း သေစေသောဆေးများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ကျန်းမာရေးအဖွဲ့များမှ လိုက်ခတ်ကြသလို နှစ်စဉ် ဖေဖော်ဝါရီလအတွင်းမှစတင်ကာ ကျန်းမာရေးအသိပညာပေးမှုများ ပြုလုပ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြောသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၂၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၁ ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အလားတူ ၂၀၁၉ ခုနှစ်ကလည်း ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၈၀၈ ဦးနှင့် သေဆုံးသူဦးရေ ၈ ဦးရှိခဲ့သည်။