- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်မှာ ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း ၃ ဆအထိမြင့်တက်
ရခိုင်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း ၃ ဆအထိ မြင့်တက်လာနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။
18 Jul 2022
DMG ၊ ဇူလိုင် ၁၈
ရခိုင်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း ၃ ဆအထိ မြင့်တက်လာနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ဇွန်လနှင့် ဇူလိုင်လအတွင်းမှာ ဖြစ်ပွားမှုများပြီး အသက် ၂ နှစ်နှင့် ၉ နှစ်ကြား ကလေးငယ်များမှာ အများဆုံးဖြစ်ပွားကာ ကူးစက်သည့်ရောဂါတစ်မျိုးဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောသည်။
“သွေးလွန်တုပ်ကွေးရောဂါကတော့ ဒီရောဂါကို သယ်ဆောင်လာတဲ့ နေ့လယ်ပိုင်းမှာကိုက်တဲ့ ခြင်ကျားကနေတစ်ဆင့် ဖြစ်ပွားတာဖြစ်တယ်။ လူကြီးတွေလည်းဖြစ်တတ်တယ်။ အများဆုံးကတော့ ကလေးငယ်တွေမှာ အဖြစ်များတယ်ပေါ့”ဟု ဒေါက်တာ စိုးဝင်းပိုင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၁၄ ဦးရှိပြီး ၂၀၂၂ ခုနှစ် ဇန်နန်ဝါရီလမှ ယခု ဇူလိုင်လအထိ (၆)လကျော်ကာလအတွင်း ရောဂါဖြစ်ပွားသူ ၆၁၃ ဦးအထိရှိကြောင်း သိရသည်။
ရောဂါဖြစ်ပွားသူ (၆၁၃) ဦးအထဲတွင် စစ်တွေမြို့နယ်မှ (၁၀၆)ဦး၊ သံတွဲမြို့နယ်မှ (၈၂ )ဦး၊ တောင်ကုတ်မြို့နယ်မှ (၈၀)ဦး၊ မာန်အောင်မြို့နယ်မှာ (၅၆) ဦး၊ ကျောက်တော်မှာ(၄၀)ဦးနှင့် မြောက်ဦး(၂၀)ဦးဖြစ်ပြီး တခြား မြို့နယ်များတွင်လည်းအသီးသီးကူးစက် ခံရပြီး စစ်တွေမြို့နှင့် သံတွဲ၊ တောင်ကုတ်မြို့နယ်တို့တွင် အများဆုံးကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရပါက ၂ ရက်မှ ၇ ရက်အထိ အဖျားပြင်းထန်ခြင်း၊ ပျော့အန်ခြင်း၊ ခန္ဓာကိုယ် ပေါ်မှာ အနီစက်ပေါ်ခြင်း၊ ခြေလက်များအေးစက်ခြင်း စသည့် ရောဂါလက္ခဏာများ ပြလေ့ရှိကြောင်း သိရသည်။
ရောဂါမဖြစ်ပွားအောင် ကျန်းမာရေးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း မိမိနေအိမ်ပတ်ဝန်းကျင်တွင် ခြင်မပေါက်ဖွားရန် သန့်သန့်ရှင်းရှင်းနေထိုင်ရန်လိုအပ်ကြောင်း ဒေါက်တာစိုးဝင်းပိုင် ကပြောသည်။
“ဒါဟာ ကူးစက်ရောဂါတစ်မျိုးလည်းဖြစ်တယ်။ ဒါကြောင့် မိမိနေအိမ်အတွင်းမှာ ခြင်တွေမပေါက်ဖွားရအောင် ရေတင်နေတဲ့ ရေခွက်တွေကို မှောက်ထားရမယ်။ ဘုရားပန်းအိုးတွေကို အချိန်မီရေလှဲပေးရမယ်။ဒီလို ခြင်မပေါက်နိုင် အောင်လုပ်ဖို့လိုအပ်ပါတယ်။ ကျနော်တို့ကျန်းမာရေးဌာန ဖက်ကလည်း လောက်လန်းသေဆေးတွေ မြို့နယ် ကျန်းမာရေးအလိုက် ဖြန်းပေးနေပါတယ် ” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ရခိုင်ပြည်အတွင်းမှ မြို့နယ် ၁၆ မြို့နယ်တွင်အဖြစ်များလေ့ရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ရောဂါဖြစ်ပွားသူ ၁၈၀၈ ဦးရှိပြီး သေဆုံးသူ ၈ ဦးအထိရှိခဲ့ကြောင်း ကျန်မားရေးဌာန၏ စာရင်းအရသိရသည်။