ရခိုင်က မသန်စွမ်းများအတွက် သက်မွေးပညာရပ်များ သင်ကြားပေးရန် လိုအပ်နေ

ရခိုင်တွင် မသန်စွမ်းသူဦးရေ ၅ သိန်းကျော်ရှိပြီး ယင်းအထဲမှ မသန်စွမ်းသူ ၇၀ ရာခိုင်နှုန်းမှာ မိသားစုဝင်များ၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်နေကြသူများဖြစ်ကြောင်း မသန်စွမ်းအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

By Admin 14 Jan 2023

ရခိုင်က မသန်စွမ်းများအတွက် သက်မွေးပညာရပ်များ သင်ကြားပေးရန် လိုအပ်နေ

ရခိုင်ပြည်သည် ပြည်နယ်နှင့်တိုင်းများထဲတွင် မသန်စွမ်းဦးရေ အများဆုံးဖြစ်ကြောင်း သန်းခေါင်စာရင်းတွင် ဖော်ပြသည်။

DMG ၊ ဇန်နဝါရီ ၁၄

ရခိုင်ပြည်ရှိ မသန်စွမ်းသူအများစုမှာ မိသားစုဝင်များ၏ အထောက်အပံ့ဖြင့်သာ ရပ်တည်နေကြရ၍ ရေရှည်ဘဝရပ်တည်ရေးမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ရှိလာနိုင်သည့်အတွက် သက်မွေးပညာရပ်များ သင်ကြားပေးရန် လိုအပ်နေကြောင်း မသန်စွမ်းအရေးလှုပ်ရှားသူများက ပြောဆိုကြသည်။

ရခိုင်တွင် မသန်စွမ်းသူဦးရေ ၅ သိန်းကျော်ရှိပြီး ယင်းအထဲမှ မသန်စွမ်းသူ ၇၀ ရာခိုင်နှုန်းမှာ မိသားစုဝင်များ၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်နေကြသူများဖြစ်ကြောင်း မသန်စွမ်းအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ထို့ကြောင့် မိမိကိုယ်ကို ယုံကြည်မှုများ ရှိလာစေရန်အတွက် မသန်စွမ်းသူများကို အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဖန်တီးပေးရန် လိုအပ်နေသည်ဟု ရခိုင်ပြည် မသန်စွမ်းသူများအသင်း ဥက္ကဌ ဦးလှမြင့်က ထောက်ပြပြောဆိုသည်။

“ရန်ကုန်မြို့နဲ့ အခြားမြို့ကြီးတွေမှာတော့ သက်မွေးဝမ်းကျောင်းတွေရှိပေမဲ့ ရခိုင်မှာတော့ မရှိသေးဘူး။ လူမှုအဖွဲ့အစည်းတွေက တစ်ခါတစ်လေ လာသင်ပေးတာတွေလောက်ပဲ ရှိတယ်။ ရန်ကုန်မြို့မှာသွားပြီး သက်မွေးဝမ်းကျောင်း တက်ဖို့ဆိုတာကလည်း မသန်စွမ်းသူတွေအတွက် မလွယ်ဘူး။ ဒါကြောင့် ရခိုင်မှာ အခြေချနိုင်တဲ့ သက်မွေးဝမ်းကျောင်းတစ်ခုရှိဖို့ လိုအပ်နေပြီ” ဟု ဦးလှမြင့်က ပြောသည်။

မသန်စွမ်းသူ အများစုမှာလည်း သင်ယူတတ်မြောက်နိုင်သော ဉာဏ်စွမ်းရည်များ ရှိသည့်အတွက် ၎င်းတို့ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် သက်မွေးဝမ်းပညာရပ်ကျောင်းများ လိုအပ်နေခြင်းဖြစ်သည်။ 

စစ်တွေမြို့၊ ကုန်းတန်းရပ်ကွက်မှ ဘယ်ဖက်ခြေထောက် မသန်စွမ်းသူ မနှင်းနှင်းက  “ မသန်စွမ်းသူတွေဆိုပေမဲ့ သူလို၊ ကိုယ်လို ဇွဲသတ္တိနဲ့ လုပ်ကိုင်ချင်ကြတဲ့သူတွေ အများကြီးရှိတယ်။ အဲဒီလိုလုပ်ဖို့အတွက်လည်း သက်မွေးဝမ်းကျောင်းတွေ လိုအပ်တယ်။ ဥပမာ အမျိုးသမီးတွေ အတွက်ဆိုရင် အလှပြင်တာတွေ၊ စားကုန်သောက်ကုန် ရောင်းချတာတွေ၊ စက်ခြုပ်တာလို ပညာမျိုးတွေကို သင်ကြားပေးဖို့ လိုတယ်။ အမျိုးသားတွေ အတွက်ဆိုရင်လည်း စက်မှုလက်မှုပညာတွေ သင်ကြားပေးနိုင်မယ့် သက်မွေးဝမ်းကျောင်း ရှိစေချင်တယ်” ဟု ပြောသည်။

လက်ရှိ မသန်စွမ်းသူများမှာ အခြေခံပညာ စာသင်ကျောင်းများတွင် ပညာသင်ကြားမှုများ ရှိနေသော်လည်း ခွဲခြားဆက်ဆံမှုများ ရှိနေသေးသည့်အတွက် မသန်စွမ်းသူများမှာ စိန်ခေါ်မှုများစွာ ရှိနေသည်ဟု ရခိုင်ပြည်  မသန်စွမ်းသူများအသင်းမှ အထွေထွေအတွင်းရေမှူး မထွေးမေက ပြောသည်။

“အခုလက်ရှိ အစိုးရကဖွင့်ထားတဲ့ ကျောင်းတွေမှာတောင် မသန်စွမ်းသူကိုဆိုရင် ကျောင်းအပ်လို့ မရတာတွေ ရှိတယ်။ မသန်စွမ်းဆိုပေမဲ့ သင်ယူ၊ မှတ်သားနိုင်စွမ်း ရှိတဲ့သူတွေဆိုတာကို လက်မခံကြတော့ မသန်စွမ်းတွေရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းသွားရသလို လူ့အရင်းအမြစ်တွေလည်း ဆုံးရှုံးသွားခဲ့ရတယ်” ဟု မထွေးမေက ပြောသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေအရ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ပြည်သူ့ရေးရာနှင့် အခြားနယ်ပယ်အသီးသီးတွင် အခြားသူများနည်းတူ အသိအမှတ်ပြုရေးနှင့် သာတူညီမျှရရှိရန်၊ သက်မွေးဝမ်းကျောင်းနှင့် အခြားလုပ်ငန်းစဉ်များအား လေ့ကျင့်ပျိုးထောင်ပေးရန် နှင့် နေထိုင်ရာပတ်ဝန်းကျင်နှင့်လူမှုအဖွဲ့အစည်းတွင် ပါဝင်ခွင့်ရရှိသည်ဟု ပါရှိသည်။

သို့သော်လည်း ရခိုင်မှ မသန်စွမ်းသူများမှာ ယနေ့အထိ အဆိုပါ ဥပဒေပါ ရပိုင်ခွင့်များ ဆုံးရှုံးနေရဆဲဖြစ်ကြောင်း ကာယကံများက ပြောဆိုကြသည်။

ရခိုင်တွင် မသန်စွမ်းသူများနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုများ၊ လူမှုဘဝရပ်တည်ရေး ပညာရပ်များကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဒေသတွင်း လူမှုအဖွဲ့အစည်းများကသာ လုပ်ဆောင်သည်ကို တွေ့ရပြီး စစ်ကောင်စီအနေဖြင့် ထဲထဲဝင်ဝင် လုပ်ဆောင်ပေးမှုအပိုင်းတွင် ယနေ့အထိ အားနည်းနေသေးကြောင်း လူမှုအဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

Women Generation အဖွဲ့ ဒါရိုက်တာ မခင်မြင့်ဇော်က “မသန်စွမ်းတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ပညာရေးပိုင်းဆိုင်ရာတွေ၊ မသန်စွမ်းပညာသင်ကျောင်းတွေက ဒီဖက်မှာဆို အရမ်းနည်းတယ်။ ဒါကြောင့် တပြိုင်နက်ထဲမှာ မသန်စွမ်းတွေဟာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတယ်လို့မြင်တယ်။ မသန်စွမ်းတွေလုပ်နိုင်တဲ့ အပိုင်းတွေကို မြှင့်တင်ပေးဖို့လိုအပ်တယ် ” ဟု ပြောသည်။

၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ (၅၁) သန်းကျော်ရှိပြီး ယင်းအထဲတွင် မသန်စွမ်း ဦးရေ ၆ သန်းခန့်ရှိသည်။ ရခိုင်ပြည်တွင် လူဦးရေ ၃ သန်းကျော်ရှိကာ မသန်စွမ်း ဦးရေ ၅ သိန်း ကျော် ရှိသည့်အတွက် ပြည်နယ်နှင့်တိုင်းများထဲတွင် မသန်စွမ်းဦးရေ အများဆုံးဖြစ်ကြောင်း သန်းခေါင်စာရင်းအရ သိရသည်။

#I008