- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပြည်ထောင်စုနေ့ အခမ်းအနားသို့ ULA တက်ရောက်
ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်)တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားသို့ ရက္ခိုင့်တပ်တော်(AA)၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က တက်ရောက်ခဲ့သည်။
12 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၁၂
ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်)တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားသို့ ရက္ခိုင့်တပ်တော်(AA)၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က တက်ရောက်ခဲ့သည်။
နေပြည်တော်တွင်ကျင်းပသည့် အဆိုပါအခမ်းအနားကို ULA ကိုယ်စားပြုအဖြစ် မြောက်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစောအပါအဝင် ခြောက်ဦးတက်ရောက်ခဲ့ကြသည်။ ထိုသို့တက်ရောက်ခြင်းမှာ လေးစားသမှုဖြင့်ဖိတ်ကြားသဖြင့် တက်ရောက်ခဲ့ခြင်းဟု ဦးဦးလှစောက DMG သို့ပြောသည်။
“AA ဘက်က တက်တာမဟုတ်ဘူး။ ULA ဘက်ကတက်တာပါ။ ကျနော်ပါတယ်။ တခြားတာဝန်ရှိသူတွေပါတယ်။ တခြား သူတွေကိုတော့ ကျနော်တို့နာမည်ထုတ်ပြောလို့မရသေးဘူး။ အခမ်းအနားကိုတက်တယ်။ ပြည်ထောင်စုနေ့ တက်သင့်တဲ့ပွဲတစ်ခု ဖြစ်ပါတယ်။ လေးလေးစားစားဖိတ်လာတော့ ကျနော်တို့လည်းပွဲတက်တာပေါ့”ဟု ၎င်းကဆိုသည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားကို ULA/AA မှ ဦးဦးလှစော ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေကြောင်း ULA/AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ၎င်း၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။
"ကျနော်တို့ ULA/AA အနေနဲ့ကတော့ ကျနော်တို့ပြည်သူတွေရဲ့အရေးကို အမြဲတမ်းအလေးထား၊ ဦးထိပ်ထားပါတယ်။ ဒါကြောင့် ကျနော်တို့ပြည်သူတွေရဲ့အကျိုး၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ထည့်တွက်စဉ်းစားပြီးတော့မှ လက်တွေ့ကျတဲ့ညှိနှိုင်းမှုတွေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်"ဟု ဦးခိုင်သုခက ရေးသားထားသည်။
စစ်ကောင်စီက စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်ရန်နှင့် ထာဝရငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်များကို ဖိတ်ခေါ်ထားသည်။
ယနေ့တွင် ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သူ (၄၆)ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကိုပိတ်သိမ်းပြီး အမှုမှ လွှတ်ရန် စစ်ကောင်စီဘက်က ကြေညာထားသည်။
စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍လည်းကောင်း လွှတ်ပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုးကြေငြာထားခြင်းဖြစ်သည်။
ပြည်ထောင်စုနေ့အခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် NCA လက်မှတ်မရေးထိုးရသေးသော လက်နက်ကိုင်အဖွဲ့အစည်း(၄)ဖွဲ့ တက်ရောက်ခဲ့ကြသည်။