- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောခရိုင်ပညာရေးမှူး အသတ်ခံရသည့်ကိစ္စ PDF လက်ချက်ဟု စစ်ကောင်စီက စွပ်စွဲ
မောင်တောခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်း အသတ်ဖြတ်ခံရမှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) လက်ချက်ဖြစ်သည်ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာက ယနေ့(အောက်တိုဘာလ ၄ ရက်)တွင် ဖော်ပြသည်။
04 Oct 2022
DMG ၊ အောက်တိုဘာ ၄
မောင်တောခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်း အသတ်ဖြတ်ခံရမှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) လက်ချက်ဖြစ်သည်ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာက ယနေ့(အောက်တိုဘာလ ၄ ရက်)တွင် ဖော်ပြသည်။
ဒေါ်မြင့်မြင့်စန်းမှာ မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်မှ မောင်တောခရိုင်ပညာရေးမှူး ရုံးဝင်းအတွင်းရှိ နှစ်ထပ်ဆောင်၌ အောက်တိုဘာ ၂ ရက်နေ့က ည ၆ နာရီအချိန်တွင် ဓားထိုးခံရပြီး မောင်တောဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာက “PDF အမည်ခံ အကြမ်းဖက် သမားများက မောင်တောခရိုင်ပညာရေးမှူးအား အကြောင်းမဲ့သတ်ဖြတ်”ဟုဖော်ပြထားသည်။ ဒေါ်မြင့်မြင့်စန်းကို အကြမ်းဖက်သူ အမျိုးသားသုံးဦးက အကြောင်းမဲ့ ဓားဖြင့်ဝိုင်းဝန်းထိုးနှက် သတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ လှုပ်ရှားမှုမရှိကြောင်း ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက စက်တင်ဘာလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းက “ဒီဖြစ်စဉ်မှာ PDF လို့ပြောတာကတော့ ဘာအထောက်အထားနဲ့ ပြောလဲဆိုတာတော့ မသိဘူး။ သူတို့ထုတ်ပြန်တာကတော့ ရခိုင်ပြည်နယ်မှာ ရှုပ်ထွေးမှုတွေဖြစ်လာအောင် ပြည်သူတွေ ယုံထင်ကြောင်ထင်ဖြစ်အောင် လုပ်တာလည်းဖြစ်နိုင်တယ်”ဟု ပြောသည်။
စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဒေါ်မြင့်မြင့်စန်းကို PDF က သတ်ဖြတ်ကြောင်း ဖော်ပြပါရှိပြီး ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးအရေးယူနိုင်ရေး စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း ဆိုသည်။
မောင်တောမြို့မှ ရပ်မိရပ်ဖတစ်ဦးက “မောင်တောဒေသခံတွေကို PDF နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီးတော့ ဖမ်းဆီးခံရမှာကို စိုးရိမ်တယ်”ဟု ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို လက်မခံသဖြင့် တစ်နိုင်ငံတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ ပေါ်ပေါက်လာကာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လျက်ရှိသည်။
စစ်ကောင်စီကိုတွန်းလှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ပြည်သူ့ကာကွယ်ကွယ်ရေးတပ်ဖွဲ့(PDF)တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် စစ်ကောင်စီက ကြေငြာထားသည်။
ရခိုင်ပြည်နယ်တွင် PDF အဖွဲ့များမရှိသော်လည်း PDF နှင့် ဆက်စပ်မှု၊ ငွေကြေးထောက်ပံ့မှု စသည့်စွပ်စွဲချက်များဖြင့် ယခင် ၂၀၂၁ ခုနှစ်ကတည်းက လက်ရှိအချိန်ထိ ဖမ်းဆီးတရားစွဲဆိုခံရသူ ၁၀ ဦးကျော် ရှိခဲ့သည်။ ယင်းအထဲမှ အမျိုးသမီးများအပါအဝင် ၇ ဦးထက်မနည်းကို ထောင်ဒဏ် ၃ နှစ်၊ ၁၀ နှစ် အသီးသီးချမှတ်ထားသည်။