- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်တော်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ ယနေ့(မေလ ၃၁ ရက်) နံနက်ပိုင်း ၇ နာရီအချိန်က မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
31 May 2022
DMG ၊ မေ ၃၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ ယနေ့(မေလ ၃၁ ရက်) နံနက်ပိုင်း ၇ နာရီအချိန်က မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက်(၇၅)နှစ်အရွယ် ဒေါ်မတင်သိန်းဖြစ်ပြီး ရုပ်သားကျေးရွာနှင့် ပေ ၂၀၀ ခန့်ဝေးသည့် တောင်ကုန်းပေါ်သို့ ဟင်းရှာသွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်မြို့မှ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သည့် ကိုကျော်လှမြင့်ကပြောသည်။
“မိုင်းနင်းမိပြီး ချက်ချင်းဆေးရုံကိုပို့ဖို့လုပ်ကြတာ။ ဒါပေမယ့် စက်လှေနဲ့သွားရတဲ့ခရီးဆိုတော့ စက်လှေစောင့်ရင်းနဲ့ ရွာဆိပ်ကမ်းမှာပဲသေသွားတယ်။ အခုတော့ ရုပ်အလောင်းကို ကျောက်တော်ဆေးရုံ ရင်ခွဲရုံမှာပို့ထားတယ်”ဟု ၎င်းကပြောသည်။
အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ဒေါ်မတင်သိန်း၏ ဘယ်ခြေထောက် ဒူးဆစ်မှပြတ်ထွက်သွားခြင်း၊ ညာခြေထောက် ဒဏ်ရာပြင်းထန်ခြင်း စသည့်ဒဏ်ရာများရရှိခဲ့ကာ သွေးထွက်လွန်၍ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ကျေးရွာသားများကပြောသည်။
ရုပ်သားကျေးရွာမှ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက “ ကျနော်တို့ရွာသားတွေက ဆင်းရဲတော့ တောတောင်ကိုပဲ မှီခိုနေရတာ။ အခုသေသွားတဲ့ အမျိုးသမီးမှာဆိုရင် သားအမိနှစ်ယောက်တည်း ဟင်းရှာပြီး စားနေကြရတာ။ အခုလိုဖြစ်သွားတော့ တခြားလူတွေလည်းကြောက်သွားကြတာပေါ့”ဟု ဆိုသည်။
ရုပ်သားကျေးရွာသည် ကျောက်တော်မြို့နှင့် ၃ မိုင်ခန့်အကွာတွင်တည်ရှိပြီး ယခုမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သော တောင်ပေါ်တွင် ယခင်တိုက်ပွဲကာလအတွင်းက မြန်မာစစ်တပ်မှ တပ်စွဲနေထိုင်ခဲ့ဖူးသည်။ လက်ရှိတွင်လည်း ရုပ်သားကျေးရွာ၏ အနောက်ဖက်နှင့် မြောက်ဘက်တောင်တန်းတို့တွင် မြန်မာစစ်တပ်က တပ်စွဲနေထိုင် နေကြောင်းလည်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ရုပ်သားကျေးရွာတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ ဟင်းရှာသွားသည့် အသက် ၁၇ နှစ်အရွယ် မစန္ဒာအေးမှာ ခြေနှစ်ဖက်လုံး ပြတ်တောက်သွားခဲ့သည်။
ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂ နှစ်ခန့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး မိုင်းနှင့် စစ်ကျန်လက်နက်များပေါက်ကွဲမှုတို့ကြောင့် အရပ်သားသေဆုံးသူ ၅၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၃၂ ဦးအထိရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏စာရင်းအရ သိရသည်။